ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအရေးအတွက် အထူးအစည်းအဝေးကျင်းပမယ်

9-2-2021-yyl-24.jpg

ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကိုဆွေးနွေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အထူးအစည်းအဝေးကို သောကြာနေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောကြားခဲ့ပါတယ်။

ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအရေးအတွက် အထူးအစည်းအဝေးကျင်းပပေးဖို့ ၄၇ နိုင်ငံပါဝင်တဲ့ဖိုရမ်အဖွဲ့ဝင်တွေကို တောင်းဆိုခဲ့ပြီး အဖွဲ့ဝင် ၁၉ နိုင်ငံရဲ့ထောက်ခံချက်ကို ရရှိခဲ့တာပါ။ ထောက်ခံအားပေးသူတွေက အစည်းအဝေးမှာ တင်ပြမယ့် စာမူကြမ်းကို ဆွေးနွေးနေတယ်လို့လည်း သံတမန်တွေ ပြောပါတယ်။

ရွေးကောက်ခံနိုင်ငံခေါင်းဆောင်တွေနဲ့အရပ်သားခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာဟာ နိုင်ငံအတွင်း လူ့အခွင့်အရေးအတွက် ဆိုးကျိုးသက်ရောက်စေခဲ့တယ်လို့ ဂျီနီဗာမြို့က ကုလသမဂ္ဂရဲ့ဗြိတိန်သံအမတ်ဂျူလီယန်ဘရိတ်ဝိတ် (Julian Braithwaite) က လူ့အခွင့်အရေးကောင်စီရဲ့အဖွဲ့အစည်းဆိုင်ရာအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရှိလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူ သောမတ်စ် အန်ဒရူး (Thomas Andrews) ကလည်း မြန်မာပြည်သူလူထုတွေ အန္တရာယ်ကျရောက်ပြီး အကူအညီလိုအပ်နေတဲ့အချိန်မှာ သူတို့တွေရပ်တည်ပေးနေတယ်ဆိုတာ ပြသချင်တဲ့အတွက် အထူးအစည်းအဝေးတစ်ရပ်ကျင်းပပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခနဲ့ အမြန်ယိုယွင်းနေတဲ့လူ့အခွင့်အရေးအခြေအနေတွေကို ကျွန်တော်တို့ချက်ချင်းတုန့်ပြန်ရမှာပါ” လို့ ကုလသမဂ္ဂရဲ့ဗြိတိန်သံအမတ်ဂျူလီယန်ဘရိတ်ဝိတ်က ပြောပါတယ်။

မနေ့ကဆိုရင် စစ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ဆန့်ကျင်ပြီး လမ်းပေါ်ဆန္ဒပြခဲ့တဲ့ အစိုးရဝန်ထမ်းနဲ့ ပြည်သူလူထု (၁၀) သိန်းကျော် ရှိခဲ့ပါတယ်။

Ref: Reuters “U.N. rights forum to hold special session on Myanmar crisis: official”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top