ဗြိတိန်ရဲ့ နျူကလီးယားပေါင်းစည်းစွမ်းအင် ဓာတ်ပေါင်းဖိုက ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့

9-2-2022-yyl05.jpg

ကြယ်တွေရဲ့ စွမ်းအင်ဖြစ်စဉ်ကို နမူနာယူထားတဲ့ နျူကလီးယားပေါင်းစည်းစွမ်းအင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုမှာ သိသာထင်ရှားတဲ့ တိုးတက်မှုရရှိခဲ့ပြီလို့ ဥရောပသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် JET ဓာတ်ခွဲခန်းဟာ ဟိုက်ဒရိုဂျင်ပုံစံ ၂ မျိုးကို ပေါင်းစည်းပြီး စွမ်းအင်ထုတ်လုပ်ရာမှာ သူတို့ရဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

အောက်စဖို့ဒ်မြို့အပြင်မှာ တည်ထားတဲ့ JET ဓာတ်ခွဲခန်းမှာ နျူကလီးယားပေါင်းစည်းစွမ်းအင် ထုတ်လုပ်မှု စမ်းသပ်ချက်အရ ၁၁ မဂ္ဂါဝပ်ကို အချိန် ၅ စက္ကန့်ကြာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၇ ခုနှစ်က စမ်းသပ်မှုထက် ၂ ဆ ပိုများလာခဲ့တာပါ။

အခုထုတ်လုပ်နိုင်ခဲ့တဲ့ စွမ်းအင်ပမာဏဟာ ရေနွေးအိုး ၆၀ စာ ရေဆူရုံပမာဏပဲ ရှိပြီး များပြားလွန်းတဲ့ စွမ်းအင်ထုတ်လုပ်မှု မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို တိုးတက်မှု ရရှိခဲ့လို့ ပြင်သစ်နိုင်ငံမှာ တည်ဆောက်နေတဲ့ ပိုကြီးမားတဲ့ နျူကလီးယားပေါင်းစည်းစွမ်းအင် ဓာတ်ပေါင်းဖိုကိုလည်း အလားတူဒီဇိုင်းမျိုး တည်ဆောက်မှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ တည်ဆောက်နေတဲ့ ITER ဓာတ်ပေါင်းဖိုကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်၊ တရုတ်၊ ရုရှား အစရှိတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံက ပံ့ပိုးလျက်ရှိပါတယ်။ ဒီရာစုနှစ်ရဲ့ ဒုတိယရာစုဝက်မှာ နျူကလီးယားပေါင်းစည်းစွမ်းအင်ကို အားထားရတဲ့ စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်ဖို့ ITER ဓာတ်ပေါင်းဖိုက နောက်ဆုံးခြေလှမ်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ကမ္ဘာပေါ်မှာ နျူကလီးယားပေါင်းစည်းစွမ်းအင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့မယ်ဆိုရင် ကာဗွန်ထုတ်လွှတ်မှု၊ ဓာတ်ရောင်ခြည် ထုတ်လွှတ်မှုနည်းပါးတဲ့ စွမ်းအင်အများအပြား ထုတ်လုပ်နိုင်မှာပါ။ အနာဂတ်မှာ လည်ပတ်မယ့် ပေါင်းစည်းစွမ်းအင်စက်ရုံတွေဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှာမဟုတ်ဘဲ သက်တမ်းတိုတဲ့ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း နည်းနည်းလေးပဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။

Ref: Dailymail and BBC “Britain’s ‘artificial sun’ nuclear fusion reactor sets a new world record”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top