တောင်ကိုရီးယားသားတစ်ယောက်က နယ်စပ်ဖြတ်ကျော်ပြီး မြောက်ကိုရီးယားဘက် ဝင်ရောက်ခိုလှုံ

4-2-2022-yyl01.jpg

တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်ဟာ လုံခြုံရေးတင်းကျပ်တဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းကို ဝင်ရောက်ခိုလှုံခဲ့ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ပြီးခဲ့တဲ့စနေနေ့ ဒေသစံတော်ချိန် ည (၉း၂၀) မိနစ်အချိန်က အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ စစ်ရေးကင်းမဲ့ဇုန်မှာ အဲဒီသူကို တွေ့ရှိခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။ တောင်ကိုရီးယားစစ်သည်တွေက သူ့ကို နာရီပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့ အဲဒီသူက ပုန်းရှောင်နိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်သွားခဲ့တာပါ။

အဲဒီသူ အသက်ရှင်နေသေးသလားဆိုတာ မသိရဘူးလို့ တောင်ကိုရီးယားစစ်တပ်အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီသူကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြောက်ကိုရီးယားနိုင်ငံကို စာပို့ပြီး မေတ္တာရပ်ခံထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကပ်ရောဂါကာလအတွင်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေကို ” မြင်တာနဲ့ပစ်ဖို့” ညွှန်ကြားထားတာပါ။

အရင်ကလည်း အလားတူ နယ်စပ်ဖြတ်ကျော်မှုတွေ ရှိခဲ့လို့ နယ်စပ်ကာကွယ်ရေးစနစ်ကို အလုံးစုံပြင်ဆင်သွားမယ်လို့ တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ပင်လယ်ထဲမှာ မျောပါသွားတဲ့ တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိတစ်ယောက်ကို မြောက်ကိုရီးယားစစ်သည်တွေက ပစ်သတ်ပြီး မီးရှို့ခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် နာကျည်းခံပြင်းမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ ကိုဗစ်-၁၉ ကူးစက်မှု တားဆီးရေးစည်းမျဉ်းတွေကြောင့် အဲဒီလို ဖြစ်ခဲ့ရတာလို့ မြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန်ခဲ့ပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေရှိနေတဲ့ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်က တောင်ကိုရီးယားကနေ မြောက်ကိုရီးယားဘက်ကို ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အဲဒီသူရှိနေတဲ့မြို့ကိုလည်း ပိတ်ဆို့ခဲ့ဖူးပါတယ်။

Ref: BBC “South Korean crosses DMZ in rare defection to North Korea”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top