၅ ဒေါ်လာလောက်ပဲကျမယ့် ဗီယက်နမ်ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို လူသားမှာ စမ်းသပ်ထိုးနှံ

18-12-2020-yyl19.jpg

ဗီယက်နမ်နိုင်ငံရဲ့ Nanogen Pharmaceutical Biotechnology JSC ဆေးဝါးကုမ္ပဏီက သူတို့ဖော်စပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူသားတွေမှာ စတင်စမ်းသပ်ထိုးနှံခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်က ဟနွိုင်းမြို့မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ စေတနာ့ဝန်ထမ်း ၃ ယောက် ( အမျိုးသား ၂ ယောက်၊ အမျိုးသမီး တစ်ယောက်)ကို ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့တာပါ။ သူတို့ကို ၇၂ နာရီကြာ စောင့်ကြည့်ပြီးမှ အိမ်ပြန်လွှတ်မှာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပြီးနောက်မှာ သူတို့ရဲ့ အခြေအနေကို ၅၆ ရက်ကြာ စောင့်ကြည့်သွားမှာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကုန်ကျစရိတ်သက်သာတဲ့ ကာကွယ်ဆေးတွေ ရရှိဖို့ ချမ်းသာတဲ့နိုင်ငံတွေနဲ့အပြိုင် ကြိုးပမ်းနေရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနတစ်ရပ်အရ အနည်းဆုံး ကမ္ဘာ့လူဦးရေရဲ့ ၅ ပုံ၊ ၁ ပုံဟာ ၂၀၂၂ ခုနှစ်အထိ ကာကွယ်ဆေးထိုးခွင့်မရမှာ စိုးရိမ်စရာ ဖြစ်နေပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းပဲ ရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေဟာ လာမယ့်နှစ်မှာ ထိပ်တန်းဆေးကုမ္ပဏီ ၁၃ ခုက ထုတ်လုပ်မယ့် ကာကွယ်ဆေးတစ်ဝက်ကျော်ကို ကြိုတင်မှာယူထားကြတယ်လို့ ဂျွန်ဟော့ကင်းဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်းရဲ့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကနေဒါနိုင်ငံက သူတို့နိုင်ငံမှာရှိသူအားလုံးအတွက် ဆေး ၄ ဖုံနှုန်း မှာယူထားပြီး အမေရိကန်နိုင်ငံကလည်း လူတစ်ယောက်ကို ဆေးတစ်ဖုံနှုန်း မှာယူထားပါတယ်။ အင်ဒိုနီးရှားလို ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ လူ ၂ ယောက်အတွက် ဆေးတစ်ဖုံပြည့်အောင် မှာခွင့်မရသေးပါဘူး။
Nanogen ကုမ္ပဏီရဲ့ Nanocovax ကာကွယ်ဆေးဟာ ဗီယက်နမ်နိုင်ငံမှာ ဖော်စပ်နေတဲ့ ကာကွယ်ဆေး ၄ မျိုးအနက် ၁ မျိုးဖြစ်ပြီး ဆေးတစ်ဖုံကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာခန့် ( မြန်မာငွေ ၆၇၀၀) လောက်ပဲ ကုန်ကျဖွယ်ရှိတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပထမအဆင့် ကာကွယ်ဆေးထိုးနှံမှုအဖြစ် စေတနာ့ဝန်ထမ်း ၆၀ ကို ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ငုယင်ငိုကွမ်းက ပြောပါတယ်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု ခံယူသူတွေ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာမျိုးရှိလာခဲ့ရင် တုံ့ပြန်လှုပ်ရှားနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေကို အကောင်းဆုံးပြင်ဆင်ထားတယ်လို့ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ညွှန်ကြားရေးမှူး ဒိုကူယက်က ပြောပါတယ်။

လူဦးရေ ၉၆ သန်းရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၀၀ ကျော်ပဲရှိပြီး လူ ၃၅ ယောက်ပဲ သေဆုံးခဲ့တဲ့အတွက် သူတို့နိုင်ငံရဲ့ ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေးလှုပ်ရှားမှုက ကမ္ဘာက ချီးကျူးခဲ့ရပါတယ်။

Ref: CNA & Straits Times ” Vietnam begins human trials of its Covid-19 vaccine”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top