ဆယ်စုနှစ်တော်တော်ကြာ အိပ်မပျော်တဲ့ရောဂါကို ခံစားနေရတဲ့ ဂျနီဖာ အန်နစ္စတန်

19-4-2022-yyl-06.jpg

အသက် ၅၃ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီးကြီး ဂျနီဖာ အန်နစ္စတန် (Jennifer Aniston) ဟာ ဆယ်စုနှစ်တော်တော်ကြာ အိပ်စက်ခြင်းပြဿနာကို ခံစားနေခဲ့ရတယ်လို့ သိရပါတယ်။ အိပ်ရေပျက်တာရဲ့ဆိုးကျိုးတွေကို သူသိတဲ့အတွက် နံရံပေါ်က အက်ကြောင်းရာတွေကို ရေတွက်နေရတဲ့ ညတွေကုန်ဆုံးနေရတယ်ဆိုတဲ့ အတွေးကြောင့် မကြာခဏ စိုးရိမ်ပူပန်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“နံရံပေါ်က အက်ကြောင်းရာတွေကို ရေတွက်နေရတဲ့ ညတွေကုန်ဆုံးရမှာကို ကျွန်မ ကြောက်ရွံ့မိတယ်။ အိပ်မပျော်တဲ့ရောဂါစတင်ခဲ့တာက ကျွန်မ အသက် ၃၀ မှာ (ဒါမှမဟုတ်) အဲဒီထက်စောနိုင်တယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ကျွန်မတို့ အသက်ငယ်တုန်းတော့ အိပ်မပျော်တာရဲ့ဆိုးကျိုးကို သတိပြုမိချင်မှပြုမိပါလိမ့်မယ်။ အိပ်မပျော်တဲ့ရောဂါရှိတယ်ဆိုတာ လက်ခံလိုက်တဲ့အချိန်မှ အိပ်မပျော်တာရဲ့ဆိုးကျိုးကို ရုတ်တရက် နားလည်သွားမှာပါ။ အဲဒါက သင့်ရဲ့နေ့ရက်တွေ၊ သင့်ရဲ့အလုပ်နဲ့ သင့်စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်နဲ့ သင့်ရဲ့ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ သိနားလည်သွားမှာပါ” လို့ ဂျာနီဖာက ပြောပါတယ်။

မင်းသမီးကြီးဂျာနီဖာက အိပ်ပျော်တာနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်များလာလေလေ အိပ်ပျော်အောင်လုပ်ဖို့ ပိုခက်ခဲလေလေဖြစ်တယ်လို့ ရှင်းပြခဲ့တဲ့အပြင် အရင်တုန်းက အိပ်ပျော်နေစဉ် ယောင်ပြီး လမ်းထလျှောက်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြောပြခဲ့ပါတယ်။

“ကျွန်မ အိပ်စက်တာနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်များလေလေ အိပ်ပျော်အောင်လုပ်ဖို့ ပိုခက်ခဲလေပါပဲ။ ကျွန်မ အိပ်ပျော်နေစဉ် ယောင်ပြီး လမ်းထလျှောက်ခဲ့ဖူးတယ်။ နှိုးစက်သံနဲ့ ကျွန်မ နိုးထခဲ့ရတယ်။ ကျွန်မ အိပ်မပျော်တဲ့ရောဂါကို ခံစားလိုက်တဲ့အခါမှာ နှိုးစက်ပေးစရာမလိုတော့ဘူး။ ကျွန်မ ခန္ဓာကိုယ်က ခဏခဏနိုးထနေတယ်”လို့ ဂျာနီဖာက ပြောပါတယ်။ အိပ်စက်ခြင်းပြဿနာအတွက် ဆေးဘက်ဆိုင်ရာအကူအညီယူခဲ့တဲ့ ဂျာနီဖာဟာ အိပ်ရေပျက်တာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်နိုင်တော့အောင်ဖြစ်စေခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို ကျန်းမာရေးကောင်းအောင် ထိန်းသိမ်းဖို့ ခက်ခဲလာခဲ့တယ်လို့လည်း ဆိုထားပါတယ်။

Ref: AsiaOne “Jennifer Aniston suffers from insomnia”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top