အိမ်ထောင်ရှိ ဖက်ရှင်မော်ဒယ်က ရည်းစား ၁၈ ယောက် တပြိုင်တည်းထားပြီး ယွမ်ငွေ ၂ သန်းကျော် လိမ်လည်ခဲ့

17-8-2022-yyl19.jpg

အိမ်ထောင်ရှိတဲ့ ဖက်ရှင်မော်ဒယ်တစ်ယောက်က ရည်းစား ၁၈ ယောက် တပြိုင်တည်းထားပြီး သူတို့တွေဆီကနေ ယွမ်ငွေ ၂ သန်းကျော် ( မြန်မာငွေ သန်း ၇၀၀ ဝန်းကျင်) လိမ်လည်ခဲ့ပါတယ်။ မျိုးရိုးအမည် ဝူဆိုတဲ့ ၂၉ နှစ်အရွယ် အမျိုးသမီးဟာ ၂၀၁၇ ခုနှစ်ကတည်းက အမျိုးသားတွေနဲ့ တွဲခဲ့တာပါ။ ဝူက သူ့ရည်းစားတွေကို အမှန်တကယ် လက်ထပ်မယ်လို့ လိမ်ညာခဲ့ပြီး သူတို့ယုံကြည်လာအောင် မင်္ဂလာဦးအကြို ဓာတ်ပုံတွေတောင် ရိုက်ခဲ့ပါသေးတယ်။

အမျိုးသားတွေကလည်း ဝူကို တကယ်ယုံကြည်မိခဲ့ပြီး တချို့တွေဆိုရင် အွန်လိုင်းမှာ စကားပြောရင်းတောင် ”မိန်းမ”လို့ ခေါ်ကြတဲ့အထိပါပဲ။ ဝူက ရည်းစားတွေကို အယုံသွင်းနိုင်ပြီလို့ ယူဆတဲ့အခါ ” ကင်ဆာဖြစ်နေတဲ့ အဖေ့ ဆေးဖိုး၊ ထောင်ကျနေတဲ့ အစ်ကိုဝမ်းကွဲကို ကူညီချင်လို့၊ အမွေရထားတဲ့ အိမ်ခြံမြေ အခွန်အခ၊ မိန်းမယူတော့မယ့်မောင်လေးကို အိမ်ဝယ်ပေးချင်လို့ ” အစရှိတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငွေတောင်းလေ့ရှိပါတယ်။ သူ့ရည်းစားတွေကလည်း သူ့ကိုယုံပြီး ငွေတွေ ပေးခဲ့ကြတာပါ။

တကယ်တော့ ဝူဟာ ၂၀၁၄ ခုနှစ်ကတည်းက ကျန်းဆိုတဲ့ အမျိုးသားနဲ့ တရားဝင် လက်ထပ်ခဲ့ပြီး ၂ နှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ သူ့ရည်းစားတွေထဲမှာ တချို့တွေက တရားရုံးသွားပြီး လက်မှတ်ထိုးရအောင်လို့ ပြောတဲ့အခါ ဝူက ဆင်ခြေအမျိုးမျိုးပေးပြီး ရှောင်လွှဲလေ့ရှိပါတယ်။နောက်ဆုံးမှာတော့ သူ့ရည်းစားတွေက ဝူကို သံသယဖြစ်လာကြပြီး သူတို့ငွေကို ပြန်တောင်းတဲ့အခါ ဝူက ရည်းစားအသစ်တွေဆီက ငွေထပ်ယူကာ ရည်းစားအဟောင်းကို ငွေပြန်ဆပ်တဲ့ Ponzi scheme လိမ်ညာနည်းကို သုံးခဲ့ပါတယ်။

ဝူက အကြွေးပေးရမယ့် ရည်းစားတစ်ယောက်(လီဟု အမည်ရ)ကို ဖြေရှင်းဖို့ နောက်ရည်းစားတစ်ယောက်(ဝမ်ဟု အမည်ရ)ကို အစ်ကိုအဖြစ် ဟန်ဆောင်ခိုင်းရာကနေ သူ့ရဲ့ အရှုပ်တော်ပုံကြီး ပေါ်သွားခဲ့တာပါ။ လီက သူ့အိမ်ရောင်းပြီး ဝူကို ငွေပေးထားတာပါ။ လီနဲ့ ဝူသာ သူစိမ်းတွေဆိုရင် လီက သူ့အိမ်ကို ရောင်းပြီး ငွေချေးပါ့မလားလို့ ဝမ်က သံသယဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာတော့ ဝမ်က ဝူကို လက်ထပ်ဖို့ ပြောခဲ့ပြီး မိဘချင်းတွေ့ဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ လက်မထပ်ဘူးဆိုရင် သူ့ငွေတွေ ပြန်ပေးဖို့ တောင်းခဲ့တာပါ။ ဝူက ငွေမပေးလို့ ဝမ်က ရဲသွားတိုင်ချိန်မှာ ဖြစ်စဉ်တစ်ခုလုံး ပေါ်ပေါက်သွားခဲ့တာပါ။ ဝူဟာ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ဖို့၊ ရှန်ဟိုင်းမြို့စွန်မှာနေတဲ့ သူ့မိဘနဲ့ ညီအစ်ကို မောင်နှမတွေကို ထောက်ပံ့ဖို့ ရည်းစားတွေဆီကနေ ငွေလိမ်ခဲ့ကြောင်း ရှန်ဟိုင်းမြို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီအကြောင်းဟာ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေကြား ရေပန်းအစားဆုံး အကြောင်းအရာတစ်ရပ် ဖြစ်နေပါတယ်။ လူမှုကွန်ရက်အသုံးပြုသူတစ်ယောက်ကတော့ ရည်းစား ၁၈ ယောက်ကို တပြိုင်တည်းထားနိုင်တဲ့ ဝူရဲ့ အချိန်စီမံခန့်ခွဲမှုစွမ်းရည်က အံ့မခန်းပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref: 18 boyfriends, 1 husband, $408,000 stolen cash: Chinese woman almost had it all

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top