ဗြိတိန်နိုင်ငံမှာရှိတဲ့ ဆေးလိပ်သောက်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလကို ဆေးလိပ်ဖြတ်ဖို့ အခွင့်အရေးတစ်ရပ်လို အသုံးချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄ လအတွင်း ဗြိတိန်နိုင်ငံမှာ ဆေးလိပ်ဖြတ်သူ တစ်သန်းကျော်ရှိခဲ့ပြီး အများစုကတော့ လူငယ်တွေဖြစ်ပါတယ်။ ဈေးကွက်သုတေသနနဲ့ အချက်အလက်စိစစ်ပိုင်းခြားရေးကုမ္ပဏီ YouGov ရဲ့ လူ ၁၀၀၀၀ ပါဝင်တဲ့ စစ်တမ်းကို အခြေခံပြီး Action on Smoking and Health (ASH) နဲ့ လန်ဒန်တက္ကသိုလ်တို့က အခုလိုခွဲခြမ်းစိတ်ဖြာခဲ့တာပါ။ အဲဒီအတွက် သူတို့ရဲ့ထုတ်ပြန်ချက်က ဘယ်လောက်တိကျ၊ မှန်ကန်လဲဆိုတာကိုတော့ ယတိပြတ်မပြောနိုင်ပါဘူး။
Covid-19 ရောဂါက သက်ကြီးရွယ်အိုတွေကို ပိုအထိနာစေလို့ ဆေးလိပ်သောက်တတ်တဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ကပ်ရောဂါကာလမှာ ဆေးလိပ်ဖြတ်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဗြိတိန်နိုင်ငံရဲ့ ဆေးလိပ်ဖြတ်သူ တွေထဲမှာ အသက် ၁၆ နှစ်ကနေ ၂၉ နှစ်ကြားအရွယ်ပမာဏက အသက် ၅၀ နှစ်အထက်ရှိသူ ပမာဏထက် ၂ ဆကျော် ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါတို့လို ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါတွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အရွယ်ရောက်ပြီးသူ ၅ ယောက်မှာ တစ်ယောက်နှုန်း ဆေးလိပ်သောက်ကြပြီး ၂၁ ရာစုနှစ်မှာ ဆေးလိပ်ကြောင့် သေဆုံးရသူ ၁ ဘီလျံလောက်ရှိမယ်လို့ OurWorldInData ဝက်ဘ်ဆိုက်က ခန့်မှန်းထားပါတယ်။ ရိုးရာလေးစာဖတ်ပရိသတ်တွေထဲမှာရော ကပ်ရောဂါကာလအတွင်း ဆေးလိပ်ဖြတ်လိုက်သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ ဆေးလိပ်ဖြတ်ဖို့ တွေးနေတဲ့သူတွေရော ရှိကြလား။
Ref: CNN ” 1 million people in the UK have quit smoking during the pandemic, survey shows”
Nz (ရိုးရာလေး)