ရဲခွေးအဖြစ် (၇) နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် အနားယူတော့မယ့် ခွေးလေး

16-7-2020-yyl-009.jpg

အသက် (၉) နှစ်အရွယ် ကော်ဂျီအမျိုးအစားခွေးလေး ရက်တ်ဟက်တ်ဟာ ရဲခွေးအနေနဲ့ ပြစ်မှုတွေကို ထုတ်ဖော်ပေးခဲ့တာ (၇) နှစ်ရှိခဲ့ပါပြီ။ သူက သာမန်ရဲခွေး မဟုတ်တာတော့သေချာပါတယ်။ သူ့ရဲ့အားကြီးတဲ့နှာခေါင်းကြောင့် သူဟာ သေနတ်နဲ့ မူးယစ်ဆေးဝါးတွေရှာတွေ့ဖို့ ကူညီပေးရင်းနဲ့ အရည်အချင်းအရှိဆုံးရဲခွေးတွေထဲက တစ်ကောင်ဖြစ်လာခဲ့ပါတယ်။ ရဲခွေးအဖြစ် (၇) နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာတော့ ရက်တ်ဟက်တ်က ပြစ်မှုတွေ ရှာဖွေဖော်ထုတ်ပေးတာကနေ အနားယူတော့မှာဖြစ်ပါတယ်။

သူ့ရဲ့ပိုင်ရှင် အိုလ်ဂါ ချူမာရိုဗာက သူ့သမီးအတွက် ရက်တ်ဟက်တ်ကို မွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရက်တ်ဟက်တ်က မယုံကြည်နိုင်လောက်တဲ့ အနံ့ခံစွမ်းရည်တွေကို သရုပ်ဖော်ပြသခဲ့တာပါ။ အဲဒါကြောင့်ပဲ ခွေးတွေကို လေ့ကျင့်ထိန်းကျောင်းပေးတဲ့ ရဲတစ်ယောက်ဖြစ်တဲ့ အိုလ်ဂါက ရက်တ်ဟက်တ်ကို သူ့ရဲ့ရဲတပ်ဖွဲ့မှာ ကူညီပေးဖို့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ရက်တ်ဟက်တ်ရဲ့ (၇) နှစ်တာရဲခွေးတာဝန်တွေရဲ့အစပါပဲ။

ရဲခွေးလေး ရက်တ်ဟက်တ်က မူးယစ်ဆေးရှာတာနဲ့ ကားမှတ်တိုင်၊ ရထားဘူတာတွေက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းတာတွေမှာ မြန်မြန်ဆန်ဆန်ပဲ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ရက်တ်ဟက်တ်က ရုရှားရဲတပ်ဖွဲ့မှာရှိတဲ့ ရဲခွေးတွေနဲ့ အမျိုးအစားမတူတဲ့အတွက် နာမည်ကျော်တဲ့ ရဲခွေးတောင်ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တော်တော်များများမှာ ရဲခွေးဆိုရင် ဂျာမန်သိုးထိန်း ခွေးအမျိုးအစားတွေပဲ မြင်တွေ့ကြရတာဖြစ်ပါတယ်။ ရက်တ်ဟက်တ်ကတော့ ရဲခွေးဖြစ်ဖို့အတွက် အရွယ်အစားက အဓိကမဟုတ်ဘူးဆိုတာ သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။

ရက်တ်ဟက်တ်က အခြားရဲခွေးတွေနဲ့ယှဉ်ရင် အရွယ်အစားနဲ့ခွန်အားတွေက နည်းပါးနိုင်ပေမယ့် သူက ပြစ်မှုဖော်ထုတ်ဖို့အတွက် အမိန့်နာခံတတ်တာ၊ ပေါ့ပါးသွက်လက်တာ၊ အရည်အချင်းရှိတာတွေကိုတော့ ပြသနိုင်ခဲ့ပါတယ်။ သူ့အရပ်က ပုပေမယ့်လည်း အဲဒီအရပ်ကပဲ မြေကြီးနဲ့နီးကပ်တဲ့အရာဝတ္ထုတွေကို ကောင်းကောင်း အနံ့ခံနိုင်ဖို့ ကူညီပေးခဲ့တာပါ။ အခုဆိုရင် ရက်တ်ဟက်တ်က သူ့သခင်နဲ့အတူ အားကစားတွေလုပ်ရင်းနဲ့ ပျော်ရွှင်စွာအနားယူတော့မှာဖြစ်ပါတယ်။

Ref: Boredpanda “Corgi Police Dog Retires After Seven Years Of Service”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top