လက်အခြောက်ခံစက်ဟာ အညစ်အကြေးမှုန်တွေကို လွှင့်ထုတ်နေကြောင်း လေ့လာတွေ့ရှိ

automatic-hand-dryer-P39NA7N.jpg

သင့်အနေနဲ့ အများပြည်သူသုံး အိမ်သာတွေထဲ လက်ကိုင်ပဝါ အသုံးပြုပြီး လက်သန့်စင်ခြင်းထက် လက်အခြောက်ခံစက်တွေကို အသုံးပြုပြီး လက်သန့်စင်တာဟာ ရလဒ်ပိုကောင်းပြီး ကျန်းမာရေးနဲ့လည်း ပိုညီညွှတ်တယ်လို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။

တစ်ဘက်မှာတော့ လေ့လာတွေ့ရှိချက် တစ်ခုကနေ စိတ်အနှောင့်အယှက်ဖြစ်စရာ အမှန်တရားတစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါကတော့ အခြောက်ခံစက်တွေကို အသုံးပြုပြီး လက်အခြောက်ခံတာဟာ လူတွေရဲ့ ခန္ဓာကိုယ်ကထွက်ရှိတဲ့ အညစ်အကြေး ဘက်တီးရီးယားတွေကို ပိုပြီး ပျံ့နှံ့သွားစေတယ် ဆိုတာပါပဲ။

ကန်နက်တီကတ် (Connecticut) တက္ကသိုလ်က သုတေသန ပညာရှင်တွေက လေအခြောက်ခံစက်တွေကို အသုံးပြုပြီး လက်သန့်စင်ခြင်းဟာ ဥပါဒ်ဖြစ်စေနိုင်တဲ့ အညစ်အကြေးမှုန်တွေကို လူ့ခန္ဓာကိုယ်ပေါ်  ဘယ်လောက်ပမာဏ မှုတ်ထုတ်လိုက်ကြောင်း သိရှိနိုင်ဖို့အတွက် သုတေသန ပြုလုပ်ခဲ့ကြပါတယ်။

အိမ်သာအသုံးပြုပြီးတဲ့အခါတိုင်း အိမ်သာအဖုံးကို ပြန်ပိတ်ရမယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်တဲ့ ကျင့်ဝတ်တစ်ခု ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာဟာ လူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အခြေခံကျတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။

အိမ်သာအဖုံးကိုဖွင့်ပြီး ရေဆွဲချလိုက်တဲ့ အခါတိုင်း အိမ်သာရဲ့ အညစ်အကြေးမှုန်တွေ ပျံ့နှံ့သွားခြင်း ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါတိုင်း အလွန်သေးငယ်တဲ့ မစင် အညစ်အကြေးမှုန်တွေက လေထုထဲမှာ ပျံ့လွင့်သွားပါတယ်။

ဒီထက်ပိုဆိုးတာကတော့ လေအခြောက်ခံစက်ဟာ အဲဒီ မစင် အညစ်အကြေးမှုန်တွေကို နောက်တစ်ကြိမ် လေပူတွေ မထုတ်လွှင့်ခင်အထိ စုပ်ယူထားတယ်ဆိုတာပါပဲ။

ကန်နက်တီကတ် တက္ကသိုလ်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ AEP (Applied and Environment Microbiology) စာတမ်းမှာတော့ ယောက်ျားသုံး၊ မိန်းမသုံး သန့်စင်ခန်းထဲက အခြောက်ခံစက်တွေကို အဆင့် သုံးဆင့်ခွဲပြီး သုတေသနပြု ဆုံးဖြတ်ခဲ့ကြပါတယ်။

၎င်းတို့အဖွဲ့ဟာ အခြောက်ခံစက်က ထုတ်လွှင်တဲ့ ဘက်တီးရီးယားတွေကို စုဆောင်းခဲ့ကြပြီး ရလဒ်အနေနဲ့ကတော့ ပျို့အန်ချင်စရာ ကောင်းလောက်အောင် ဆိုးရွားခဲ့ပါတယ်။

သန့်စင်ခန်းအတွင်းက ရိုးရိုး လေပန်ကာဘေး မိနစ် (၂၀) ကြာ ထားရှိခဲ့တဲ့ ပန်ကန်ပြားထဲမှာတော့ ဘက်တီးရီးယားကောင်ရေ ၁၅ ကောင်မှ ၂၀ ကောင်အထိ စုဆောင်းရရှိပြီး အခြောက်ခံစက်ရဲ့ဘေး စက္ကန့် (၃၀) မျှထားရှိခဲ့တဲ့ ပန်းကန်ပြားကတော့ ဘက်တီးရီးယားကောင်ရေ ၁၈ ကောင်မှ အကောင်ရေ ၆၀ ခန့် စုဆောင်းထားတာပဲ ဖြစ်ပါတယ်။

သုတေသနပညာရှင်တွေက HEPA (High-Efficiency Particulate Air) ဇကာကို အခြောက်ခံစက်မှာ တပ်ဆင်ခြင်းဟာ ၎င်း လက်အခြောက်ခံစက်မှ ထုတ်လွှင့်တဲ့ ဘက်တီးရီးယား ပမာဏကို လျော့ချရာရောက်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

သို့ပေမယ့်လည်း လက်အခြောက်ခံစက်မှာ HPA ဇကာတပ်ဆင်ပြီးတာတောင် ဘက်တီးရီးယားတွေက ပန်ကန်းပြားမှာ စုပုံနေသေးတဲ့အတွက် လက်အခြောက်ခံစက်တွေဟာ ရောဂါကူးစက် ဖြစ်ပွားနိုင်ချေ အမြဲရှိနေတာလားဆိုပြီး တွေးတောစရာတောင် ဖြစ်လို့လာခဲ့ပါတယ်။

“ဒီသုတေသနပြုချက်ဟာ လက်အခြောက်ခံစက်က ထုတ်လွှင့်လိုက်တဲ့ ဘက်တီးရီးယားတွေအပြင် သန့်စင်ခန်းအတွင်းမှာ လက်အခြောက်ခံစက် အသုံးပြုခဲ့တဲ့ လက်မှတစ်ဆင့် အဆောက်ဦတွေထဲ ပျံ့နှံ့သွားနိုင်တဲ့ ဘက်တီးရီးယားမျိုးစုံကို ရည်ညွှန်း ဖော်ပြလိုက်တာဖြစ်ပါတယ်” လို့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြခဲ့ပါတယ်။

Ref : Independent.uk

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top