ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

enjoying-sleeping.jpg

အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းဆောင်တာ တစ်ခုပါ။ ဒီအတွက် အိပ်ချိန်ကိုတော့ လုံးဝလျှော့လို့ မဖြစ်ပါဘူးနော်။ ခုနောက်ပိုင်း လူငယ်တွေသာမက လူကြီးတွေမှာပါ နေထိုင်မှုပုံစံ မှားယွင်းတာ၊ ဖုန်း၊ အင်တာနက်၊ ကွန်ပျူတာ အသုံးပြုခြင်း လွန်ကဲလာတာ၊ ကျန်းမာရေးပြဿနာတွေကြောင့် ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ အကြောင်း အမျိုးမျိုးကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက် (၁၀) ချက်ကို ပြောပြပေးချင်ပါတယ်။

အိပ်ချိန်အတွက် အဓိက ဆောင်ရန်၊ ရှောင်ရန်အချက်များ

၁။ မနက်ခင်းမှာ အလုပ်ကို ဖိလုပ်ပါ။ တတ်နိုင်သလောက် နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို ရှောင်ပါ။ တစ်နေ့လုံး အလုပ်လုပ်ပြီး ပင်ပန်းလာရင် ညဘက်မှာ ဘယ်သူမှ မအိပ်ချင်ဘဲ နေနိုင်မှာ မဟုတ်ပါဘူး။

၂။ အိပ်ရာဝင်ကာနီး အနည်းဆုံး ၂နာရီလောက်ခြားပြီး ဖုန်း၊ တီဗီ၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးပြုတာ ရပ်ပေးပါ။ စာဖတ်တာ၊ တရားထိုင်တာ၊ တေးဂီတသံစဉ်တွေ နားထောင်တာမျိုးဖြင့် ကိုယ့်ရဲ့ စိတ်ကို ငြိမ်းချမ်းအောင် လုပ်ခြင်းက တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်အောင် အကူအညီပေးနိုင်ပါတယ်။

၃။ ကဖင်းဓာတ်ဟာ လူတစ်ယောက်ရဲ့ ဦးနှောက်ကို နိုးကြားတက်ကြွစေလို့ မနက်ခင်းအချိန်မှာ သောက်တာ ပြဿနာမရှိပေမဲ့ အိပ်ကာနီး ညဘက်မှ သောက်မိရင်တော့ အိပ်မပျော်ဘဲ မျက်စိကြောင်နေတတ်တယ်နော်။ ဒါကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး ၆နာရီခြားပြီး ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ အအေးတွေကို သောက်ပေးပါ။

၄။ အိပ်ချိန်၊ အစာစားချိန်၊ နိုးထချိန်တွေကို နေ့စဉ် ပုံသေသတ်မှတ်ပြီး လုပ်တဲ့ အကျင့်မွေးမြူပါ။ သူ့အချိန်အတိုင်း နေ့တိုင်းလိုလို လုပ်ဆောင်နေရတဲ့အခါ အိပ်ချိန်တန်ပြီဆိုတာနဲ့ လူရဲ့ ဦးနှောက်က အနားယူချင်လာပြီး မျက်လုံးကပါ လေးပင်လာလို့ အိပ်ပျော်သွားစေနိုင်မှာပါ။

၅။ အရက်သေစာ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်း အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတဲ့ ဟော်မုန်းများကို အဆက်မပြတ် ထုတ်လွှတ်ပေးတဲ့အတွက် အရက်သောက်ပြီး အိပ်ချိန်အပြည့်အဝ အိပ်စက်အနားယူရင်တောင် မနက်နိုးလာတဲ့အခါ အိပ်ရေးမဝသလို ခံစားနေရမှာပါ။ ဒါ့အပြင် အရက်သောက်ပြီးတဲ့အခါ ညအိပ်နေရင်းနဲ့ ဆီးထသွားချင်စိတ်ကို နှိုးဆွပေးတဲ့အတွက် ကိုယ့်ရဲ့ အိပ်စက်အနားယူခြင်းကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၆။ ကိုယ်အိပ်စက်အနားယူတဲ့ အိပ်ခန်းဟာ အသံလုံနေပါစေ၊ အေးမြနေပါစေ၊ လင်းထိန်နေတာမျိုး မဖြစ်ပါစေနဲ့။ အမှောင်ကြောက်တတ်တယ်ဆိုရင် မီးအိမ်အသေးလေး ဖွင့်အိပ်လို့ ရပါတယ်။

၇။ ညအိပ်ခါနီး ဘာအစာမှ မစားပါနဲ့။ အစာစားလိုက်တဲ့အခါ အစာအိမ်က စားလိုက်တဲ့ အစာကို ချေဖျက်နေရတဲ့အတွက် အက်စစ်တွေ ထုတ်လုပ်နေပြီး ရင်ပူတာ၊ လေပွတာတွေ ဖြစ်ကာ လူက ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒီအကျင့်ကိုလည်း တတ်နိုင်သလောက် ဖျောက်တာ ကိုယ့်အိပ်ချိန်နဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးရှိစေနိုင်မှာပါ။

၈။ စိတ်ဖိစီးမှုတွေ၊ အလုပ်ကိစ္စတွေ၊ ပြဿနာတွေကို အိပ်ခန်းပြင်ပမှာ ထားခဲ့ပါ။ အိပ်ရာပေါ်ကို လုံးဝ မသယ်လာပါနဲ့။ ကိုယ်က အမြဲစိတ်ဖိစီးနေတတ်သူဆိုရင် မအိပ်ခင်လေးမှာ တရားထိုင်တာ၊ တေးဂီတသံစဉ်တွေ နားဆင်တာ၊ ဘုရားစာရွတ်တာမျိုး လုပ်ပေးလို့ ရပါတယ်။

၉။ မနက်ပိုင်းနဲ့ ညနေခင်းကို လေ့ကျင့်ခန်း အပြင်းအထန်လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေသလို မနက်ပိုင်းမှာ အားအင်ကို အပြည့်အဝ သုံးစွဲရတဲ့အတွက် ညအိပ်တဲ့အခါ ကောင်းကောင်း အိပ်ပျော်စေနိုင်မှာပါ။ အိပ်ချိန်နဲ့ နီးနေမှ အားကစား၊ လေ့ကျင့်ခန်းလုပ်တာကိုတော့ ရှောင်ပေးဖို့ လိုပါတယ်။

၁၀။ အချိန်အားရင် ရေနွေးလေးနဲ့ စိမ်ချိုးပါ။ ရေနွေးနဲ့ ရေစိမ်ခြင်း၊ ရေချိုးခြင်းဟာ တစ်နေ့လုံး ညောင်းကိုက်ပြီး တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေလို့ အိပ်တဲ့အခါမှာ သက်သောင့်သက်သာ ဖြစ်စေပြီး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေမှာပါ။

ခုပြောပြခဲ့တဲ့ အချက် (၁၀) ချက်ကို သေချာလေ့ကျင့်ခြင်းဖြင့် ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့အတွက်သာမက ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ရေရှည်မှာ အကျိုးထူးများစွာ ဖြစ်စေနိုင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top