အဘွားအိုတစ်ဦးရဲ့ ယိုယွင်းပျက်စီးနေတဲ့အိမ်ကို ရန်ပုံငွေရှာပြီး ပြုပြင်ဆောက်လုပ်ပေးခဲ့သူ

28-9-2020-yyl-019.jpg

ကိုယ်နဲ့သွေးမတော်သားမစပ်တဲ့သူအပေါ်မှာ ကြင်နာတရားထားပြီး ရိုင်းပင်းကူညီပေးတာကလည်း မွန်မြတ်တဲ့အလုပ်ပါပဲ။ ကိုယ်ဘက်က ငွေအားမတတ်နိုင်လို့ လူအားနဲ့ ကူညီပေးလို့လည်းရပါတယ်။ လူအားနဲ့လည်း ငွေအားနဲ့ကူညီပေးမယ့်သူတွေကို ရှာပေးလို့ရတယ်ဆိုတယ်ဆိုတာ ဒီအကြောင်းအရာလေးက သက်သေပြနေတာပါ။ လျှပ်စစ်ကျွမ်းကျင်သမားတစ်ဦးဖြစ်တဲ့ ဂျွန် ကင်နေး (John Kinney) ဆိုသူဟာ သူ့ကို မီးလာပြင်ပေးဖို့ခေါ်တဲ့ အဘွား ဂလော့ရီရာ စကော့တ် (Gloria Scott) ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့ပါတယ်။ အဘွားရဲ့အိမ်က တော်တော်လေးယိုယွင်းပျက်စီးနေပြီဖြစ်တဲ့အတွက် လူမှုအသိုင်းအဝိုင်းကလူတွေနဲ့အတူ အိမ်ကို ပြုပြင်တည်ဆောက်ပေးခဲ့တာပါ။

ဂျွန်က မီးပြင်ပေးဖို့အတွက် အဘွားအိမ်ကို ရောက်တော့ အလုပ်ကတော်တော်နဲ့မပြီးနိုင်ဘူးဆိုတာ နားလည်ခဲ့ရပါတယ်။ မီးပြင်လိုက်လို့ မီးလင်းသွားတဲ့အခါမှာ အဘွား ဂလော့ရီရာရဲ့အိမ်မှာဖြစ်နေတဲ့ ပြဿနာတွေက ဒီတစ်ခုတည်းမဟုတ်ဘူးဆိုတာကို သိခဲ့ရပါတယ်။ သွယ်တန်းထားတဲ့ရေပိုက်တွေက ပျက်စီးနေတယ်။ မျက်နှာကျက်မှာလည်း အပေါက်တွေရှိနေတယ်။ ရက်ကွန်းဝံ လို့ခေါ်တဲ့တိရစ္ဆာန်တွေကလည်း အိမ်ထဲဝင်လာနေတယ်ဆိုတာကို ဂျွန်တွေ့ခဲ့ရတာပါပဲ။ အဘွားရဲ့အိမ်မှာ ရေကလည်း ကောင်းကောင်းမလာတဲ့အပြင် ဘေဇင်ကလည်း ပျက်စီးနေပါတယ်။ ဒါကြောင့် ရေဘားကို အဘွားက ပိတ်ထားရပါတယ်။ အသက် (၇၂) နှစ်ရှိပြီးဖြစ်တဲ့ အဘွားဂလော့ရီရာဟာ အိမ်မှာတစ်ယောက်တည်းနေတာဖြစ်ပြီး အိမ်ကို ပြန်ပြုပြင်ဖို့အတွက် ပိုက်ဆံမတတ်နိုင်ဘူးလို့ သိရပါတယ်။

အဘွားတစ်ယောက်တည်း ဒီလိုအခြေအနေမှာ နေထိုင်နေရတဲ့အတွက် ဂျွန်က အဘွားအိမ်ကနေပြန်လာတဲ့အထိတိုင်အောင် အဘွားရဲ့အိမ်အခြေအနေကို မစဉ်းစားဘဲမနေနိုင်ခဲ့ပါဘူး။ ဒါကြောင့် နောက်နေ့မှာ အဘွားရဲ့အိမ်ကို ပြန်သွားခဲ့ပြီး သူ့ရဲ့ပစ္စည်းကိရိယာတွေနဲ့အတူ အလကားပြင်ပေးခဲ့ပါတယ်။ “အဘွား အကူအညီလိုနေတာကိုလည်း ကျွန်တော်သိတယ်။ အဲဒီအတွက် တောင်းဆိုမှာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်သိတယ်”လို့ ဂျွန်က ပြောပါတယ်။ ဂျွန်နဲ့ သူ့သူငယ်ချင်းတချို့က အဘွားဂလော့ရီရာကို ကူညီပေးနေပေမဲ့ လိုအပ်တဲ့ပြုပြင်မှုတွေလုပ်ဖို့အတွက် ဂျွန်က အကူအညီပေးမယ့်လူတွေ ပိုပြီးလိုအပ်ခဲ့ပါတယ်။ ဒါကြောင့် “Nice old lady needs help” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာတဲ့ပေ့ချ်ကို ဂျွန်က တည်ထောင်ခဲ့ပါတယ်။

ပေ့ချ်ထောင်ပြီး ၂၄ နာရီအတွင်းမှာ လူတွေက ဒေါ်လာ ၃၅၀၀ ကျော် လှူဒါန်းပြီးသွားပါပြီ။ အဲဒီကနေ့စပြီး လှူဒါန်းငွေပမာဏက ဒေါ်လာ ၁၀၀,၀၀၀ ထိရောက်သွားခဲ့ပါတယ်။ လှူဒါန်းငွေတွေက ဂျွန်တို့အဖွဲ့ အိမ်ပြုပြင်ပေးဖို့အတွက် ပေးခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေကလည်း လှူဒါန်းထားတဲ့ပစ္စည်းတွေနဲ့အတူ လာပြီးကူညီခဲ့ကြပါတယ်။ စားသောက်ဆိုင်တွေကလည်း သူတို့အတွက် အစားအစာတွေပို့ပေးခဲ့ကြပါသေးတယ်။ အဘွားဂလော့ရီရာအတွက် ပြောင်းလဲသွားတာက အိမ်တစ်ခုတည်းတင်မဟုတ်ပါဘူး။ သူ့ရဲ့ဘဝတစ်ခုလုံးလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။

“အဘွားက ဒီနေရာမှာ တစ်ယောက်တည်းနေလာတာ (၁၀) နှစ်ကျော်ပါပြီ။ ဒါကြောင့် သူ့အတွက် ကြီးမားတဲ့ပြောင်းလဲမှုဖြစ်မယ်ဆိုတာ သေချာပါတယ်။ သူက လူတိုင်းအပေါ်မှာ နွေးထွေးစွာဆက်ဆံပါတယ်။ သူ အရမ်းပျော်နေတယ်။ သူငယ်ချင်းအသစ်လည်းရနေပါတယ်။ ကျွန်တော်တို့အတွက် နေ့လည်စာလည်းပြင်ပေးတယ်။ ရယ်မောပျော်ရွှင်ကြရပါတယ်”လို့ ဂျွန်က ဆိုပါတယ်။ အခုဆိုရင် ပြုပြင်ဆောက်လုပ်နေတဲ့ (၁) လကျော်မှာ လျှပ်စစ်မီးပြင်တာကနေ အိမ်တစ်ခုလုံးပြင်ဆင်ဆောက်လုပ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အလုပ်သမားတွေက ခေတ်မီတဲ့ လျှပ်စစ်မီးစနစ်၊ ရေပိုက်သွယ်တန်းတဲ့စနစ်၊ ခေါင်းမိုးအသစ်၊ ပြတင်းပေါက်အသစ်၊ ခုံတန်းအသစ်နဲ့ မျက်နှာစာမှာလည်း မြက်ခင်းစိမ်းလေးတောင် လုပ်ပေးခဲ့ကြပါတယ်။ အိမ်တစ်ခုလုံးကို ပြုပြင်တည်ဆောက်တာက နောက်ထပ်ရက်သတ္တပတ်အထိ ကြာမယ်လို့ ဂျွန်က ထင်ခဲ့တာပါ။ ဒါပေမဲ့ ဂလော့ရီရာကို ကူညီပေးတဲ့သူတွေကြောင့် မြန်မြန်ဆန်ဆန်နဲ့ အလုပ်ဖြစ်နေပါတယ်။

အခုဆိုရင် The Gloria’s Gladiators ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ အဖွဲ့ဝင် ၆၀၀၀ ကျော်ရှိပါတယ်။ လိုအပ်နေတဲ့ အခြားအသက်အရွယ်ကြီးရင့်တဲ့သူတွေကို ကူညီပေးဖို့ နိုင်ငံတစ်ဝှမ်းမှာ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ဂျွန်ကပြောပါတယ်။ အဘွားရဲ့အိမ်ကလည်း ပြီးခါနီးနေပြီး ဂျွန်နဲ့ အဘွားတို့ကြားမှာလည်း သံယောဇဉ်တွေဖြစ်နေကြပါပြီ။ “အဘွားက ကျွန်တော့်ရဲ့အဘွားကို သတိရစေပါတယ်။ ကျွန်တော့်သမီးနဲ့ အဘွားက အရမ်းသံယောဇဉ်ရှိတယ်။ ကျွန်တော့်ရဲ့မိန်းမနဲ့ရောပဲ။ ဒီနေရာမှာတင်ရပ်တန့်မှာမဟုတ်ပါဘူး။ ဂလော့ရီရာက ကျွန်တော့်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းပါပဲ”လို့ ဂျွန်က ပြောပါတယ်။ မီးမလင်းလို့ လျှပ်စစ်ပြင်သမားခေါ်ရာကနေ ဂျွန်နဲ့ ဂလော့ရီရာတို့ရဲ့ဘဝကို လျှပ်စစ်မီးလို လင်းထိန်သွားစေခဲ့ပါပြီ။

Ref: CNN “A 72-year-old woman was quietly living in a dilapidated house. Then an electrician sparked a community to help her rebuild”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top