ရုရှားနိုင်ငံရဲ့ ရေနံ၊ ဓာတ်ငွေ့တင်ပို့မှုကို အမေရိကန်လုံးဝ ပိတ်ပင်

9-3-2022-yyl01.jpg

ရုရှားနိုင်ငံရဲ့ ရေနံ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတင်ပို့မှုတွေကို လုံးဝပိတ်ပင်လိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ပူတင်အစိုးရအတွက် အမေရိကန်ပြည်သူတွေရဲ့ အားပြင်းတဲ့ထိုးနှက်ချက် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။ အခုလို ပိတ်ပင်လိုက်ရင် ဓာတ်ငွေ့ဈေးတွေ မြင့်တက်မှာ စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ အမေရိကန်နိုင်ငံရဲ့ အင်အားကြီးပါတီ ၂ ခုလုံးက ဒီလုပ်ရပ်ကို ထောက်ခံခဲ့ကြပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ ကြေညာချက် ထွက်မလာခင်မှာပဲ ရေနံစိမ်း တစ်စည်ကို ၅ ရာခိုင်နှုန်းကျော် ဈေးတက်သွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၀ အထိ မြင့်တက်ခဲ့ပါတယ်။

ရုရှားရဲ့ ရေနံနဲ့ဓာတ်ငွေ့ကို ပိတ်ပင်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ လှုပ်ရှားမှုဟာ ဥရောပတိုက်ထက် ပိုမိုမြန်ဆန်ခဲ့ပါတယ်။ ဥရောပတိုက်ဟာ အမေရိကန်ထက်စာရင် ရုရှားရဲ့ ရေနံနဲ့ဓာတ်ငွေ့ကို ပိုပြီးမှီခိုနေရတာပါ။ ” ပူတင်ရဲ့ စစ်ပွဲမှာ ကျွန်တော်တို့ လက်ဝေခံအဖြစ်ခံမှာ မဟုတ်ဘူး။ အမေရိကန်နိုင်ငံမှာလည်း ပေးဆပ်ရတာတွေ ရှိလိမ့်မယ်။ ဒါဟာ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ပေးဆပ်ရတဲ့ အရင်းအနှီးပါပဲ” လို့ ဂျိုးဘိုင်ဒင်က ဆိုခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်ကတော့ ဆုံးရှုံးနစ်နာမှု အတိုင်းအတာကို ထည့်မတွက်ဘဲ သူ့ရဲ့လူသတ်လမ်းစဉ်ကို ဆက်လက်ကျင့်သုံးသွားဖို့ ဆုံးဖြတ်ထားပုံပေါ်တယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံက ပူတင်အတွက် ဘယ်တော့မှ အောင်ပွဲမဖြစ်စေရဘူးလို့ ဂျိုးဘိုင်ဒင်က မှတ်ချက်ပေးခဲ့ပါတယ်။

ဗြိတိန်အစိုးရကလည်း ၂၀၂၂ ခုနှစ်အကုန်မှာ ရုရှားရဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်ပို့မှုကို ရပ်ဆိုင်းဖို့ စီစဉ်နေပါတယ်။ အဲဒီအသွင်ကူးပြောင်းရေးကာလဟာ ရုရှားရဲ့ပို့ကုန်နေရာမှာ အစားထိုး ရှာဖွေဖို့ ဈေးကွက်၊ စီးပွားရေးလုပ်ငန်းနဲ့ ထောက်ပို့ကွင်းဆက်တွေကို ပြင်ဆင်ချိန်ကောင်းကောင်းရစေနိုင်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ ရုရှားရဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်ပို့မှုဟာ ဗြိတိန်နိုင်ငံရဲ့ ဈေးကွက်လိုအပ်ချက် ၈ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂကလည်း ရုရှားနိုင်ငံရဲ့ ဓာတ်ငွေ့တင်ပို့မှုအပေါ် မှီခိုနေရတာကို လျှော့ချသွားဖို့ လုပ်ဆောင်နေပြီး ၂၀၂၂ ခုနှစ်အကုန်မှာ ၃ ပုံ၊ ၂ ပုံအထိ လျှော့ချဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Ref: BBC “US announces ban on Russian oil”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top