လူ (၁၆၀၀) ကျော်ကို ကိုဗစ်ကာကွယ်ဆေးရဖို့ အကူအညီပေးခဲ့တဲ့ (၁၂) နှစ်သားလေး

9-3-2021-yyl-19.jpg

အသက် ၁၂ နှစ်အရွယ် ဆမ် ကီအက်ချ် (Sam Keusch) ဆိုတဲ့ ကလေးလေးဟာ သက်ကြီးရွယ်အိုတွေအပေါ် ကပ်ရောဂါက ဘယ်လိုအခက်အခဲဖြစ်စေခဲ့လဲဆိုတာ သိခဲ့တယ်။ သူ့ရဲ့အဘိုးအဘွားတွေလို သက်ကြီးရွယ်အိုတော်တော်များများက သူတို့ရဲ့မိသားစုတွေနဲ့ လတော်တော်ကြာအောင် တွေ့ခွင့်မရခဲ့ဘူး။ အခုဆိုရင်လည်း သူတို့တွေက ကာကွယ်ဆေးရဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် (၇) တန်းကျောင်းသားလေး ဆမ်က ကာကွယ်ဆေးရဖို့ ခက်ခဲနေတဲ့ သူတွေကို ကူညီနိုင်မယ့်နည်းလမ်းရှာတွေ့ခဲ့ပါတယ်။

ဆမ်က အဘိုးနဲ့အဘွားတို့အပြင် အိမ်နီးချင်းတွေအတွက် သူ့အဖေက ဘိုကင်စာအုပ်နဲ့ရက်ချိန်းယူပြီး အကူအညီပေးတာကို အရင်ဆုံးမြင်တွေ့ခဲ့တာပါ။ “ကျွန်တော်က Bar Mitzvah ပရောဂျက်လုပ်ဖို့ စဉ်းစားနေခဲ့တာပါ။ အဲဒါက သိပ်မခက်ဘူးလို့ထင်တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်ကူညီဖို့ဆုံးဖြတ်လိုက်တယ်”လို့ ဆမ်က သတင်းဌာနကို ပြောပါတယ်။

ဆမ်က Bar Mitzvah ပရောဂျက်ကို သူ့ရဲ့ရပ်ရွာလူထုကို ကူညီရန်ရည်ရွယ်ခဲ့တာဖြစ်ပြီး အစကတော့ လှူဒါန်းမှုပြုလုပ်ဖို့ တွေးခဲ့တာပါ။ နောက်မှ လူတွေကို ပိုပြီးအကူအညီပေးနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့သည့်လက ဆမ်ဟာ Googleရဲ့ ဝက်ဘ်ဆိုက်ပုံစံကို အသုံးပြုပြီး နယူးယောက်က လူတွေကို အရည်အချင်းပြည့်မှီပါက ကာကွယ်ဆေးအတွက်ရက်ချိန်းယူဖို့ ကူညီပေးနိုင်မယ့် “ Vaccine Helper” ဆိုတဲ့ ဝက်ဘ်ဆိုက်ကို ဖန်တီးခဲ့ပါတယ်။

သူတို့တွေ အရည်အချင်းပြည့်မီကြောင်းသိရှိပြီးတဲ့အခါ နယူးယောက်ကလူတွေက ရက်ချိန်းယူဖို့ လိုအပ်တဲ့ အခြေခံအချက်အလက်တွေကို ဖြည့်စွက်လို့ရပါတယ်။ ဆမ်ရဲ့ဝက်ဘ်ဆိုက်က သတင်းအချက်အလက်တွေကို စုဆောင်းပြီး ဆမ်က ဖြည့်စွက်ထားတဲ့လူတစ်ဦးချင်းစီအတွက် ကာကွယ်ဆေးထိုးဖို့ ရန်ချိန်းဆိုယူပေးပါတယ်။

အခုအချိန်အထိ သူက အရည်အချင်းပြည့်မိတဲ့ နယူးယောက်က လူတွေအတွက် ၁၆၀၀ ကျော် ဘိုကင်လုပ်ထားပြီး သူရဲ့၀ က်ဘ်ဆိုက်ကလည်း တစ်စတစ်စနဲ့ လူသိများလာခဲ့ပါတယ်။ “တစ်ရက်နှစ်ရက်လောက်ကြာနိုင်တယ်၊ ဒါပေမယ့် များသောအားဖြင့်တော့ ကျွန်တော်တို့ဟာ တစ်ရက်အတွင်းမှာပဲ ရက်ချိန်းယူလို့ရပါတယ်” လို့ ဆမ်က ပြောပါတယ်။

သက်ကြီးရွယ်အိုတွေကိုကာကွယ်ဆေးထိုးနှံဖို့ ရက်ချိန်းယူပေးတဲ့အပြင် ဆမ်က ဆရာ၊ဆရာမတွေနဲ့ ကျန်းမာရေးအခြေအနေမကောင်းတဲ့သူတွေအတွက်လည်း ရက်ချိန်းယူပေးပါတယ်။ ဆမ်ဟာ သူ့ရဲ့အကူအညီနဲ့ ကာကွယ်ဆေးထိုးနှံခဲ့ရတဲ့လူတွေဆီကနေ ကျေးဇူးတင်စကားဆိုတဲ့ အီးမေးလ်တွေလည်း မရေတွက်နိုင်လောက်အေင် ရရှိခဲ့ပါတယ်။

Ref: CBSNews “12-year-old helps more than 1,600 people get vaccines after building a website to help seniors”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top