ခွဲစိတ်ကုသမှု ပြီးမြောက်ခဲ့လို့ ပါကစ္စတန်နိုင်ငံရဲ့ ခေါင်းချင်းဆက်အမြွှာညီအစ်မ အိမ်ပြန်ခွင့်ရပြီ

20-10-2020-yyl-010.jpg

ဝါရင့်ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ သူ့ဘဝတစ်လျှောက်မှာ ဒီဆုံးဖြတ်ချက်ကိုတော့ တစ်သက်လုံး အမှတ်ရနေတော့မှာပါ။ အရင်တုန်းက ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး လူ့အသက်တွေကို ကယ်တင်နိုင်ခဲ့ပေမဲ့ ဒီဆုံးဖြတ်ချက်ချဖို့ ချီတုံချတုံဖြစ်ခဲ့ရသလို ဆုံးဖြတ်ချက်အတိုင်း လုပ်ပြီးတဲ့နောက်မှာလည်း စိတ်ထဲမှာ တစ်မျိုးခံစားနေရတယ်။ ဗြိတိန်နိုင်ငံရဲ့ နာမည်ကျော်ခွဲစိတ်ဆရာဝန် အိုဝါဆီဂျီလာနီဟာ ပါကစ္စတန်နိုင်ငံရဲ့ ခေါင်းချင်းဆက် အမြွှာညီအစ်မကို ခွဲစိတ်ပေးတဲ့ ခွဲစိတ်အဖွဲ့ကို ဦးဆောင်ခဲ့ရတာပါ။ ခေါင်းချင်းဆက် အမြွှာညီအစ်မ ၂ ယောက်မှာ အရေးပါတဲ့ သွေးကြောတွေက တစ်ခုစီပဲ ပါလို့ သူတို့ ၂ ယောက်ကို ခွဲစိတ်တဲ့အခါ ဘယ်တစ်ယောက်ကို သွေးကြောတွေ ပေးရမလဲလို့ သူ ဆုံးဖြတ်ခဲ့ရပါတယ်။

ဆာဖာဘီဘီနဲ့ မာဝါဘီဘီလို့ အမည်ရတဲ့ ခေါင်းချင်းဆက်အမြွှာညီအစ်မ နှစ်ယောက်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ Great Ormond Street ဆေးရုံမှာ ခွဲစိတ်ခဲ့ကြပါတယ်။ ခေါင်းချင်းဆက်အမြွှာညီအစ်မ ၂ ယောက်ဟာ ဦးနှောက်ကို အာဟာရပေးတဲ့ အဓိကသွေးကြောတွေကို မျှဝေသုံးစွဲနေရပြီး ခွဲစိတ်တဲ့အခါ တစ်ယောက်ယောက်ကတော့ အနစ်နာခံရမှာပါ။ အဲဒီအချိန်မှာ ကျန်းမာရေးပိုချို့တဲ့တဲ့ မာဝါကို အဓိကသွေးကြောတွေပေးဖို့ ဒေါက်တာဂျီဝါနီက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆာဖာက လေဖြန်းသွားပြီး သေရာပါ ဦးနှောက်ဒဏ်ရာ ရသွားလို့ တစ်သက်လုံး လမ်းလျှောက်နိုင်ဖွယ် မရှိတော့ပါဘူး။

သူတို့ ညီအစ်မ ၂ ယောက်ကို စောစောစီးစီးသာ ခွဲစိတ်နိုင်ခဲ့ရင် အခုထက်ပိုပြီး ရလဒ်ပိုကောင်းမှာပါ။ ဒါပေမဲ့ ခွဲစိတ်မှုစရိတ်၊ ဆေးကုသမှု၊ စောင့်ရှောက်မှုစရိတ်အားလုံးပေါင်း ပေါင် ၁ သန်းလောက် ကျမယ့်အတွက် သူတို့မိဘတွေကလည်း မတတ်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် ဂျီဝါနီနဲ့ ခွဲစိတ်ဆရာဝန် ပါမောက္ခ ဒူနာဝေးတို့က ရန်ပုံငွေတစ်ရပ် ထူထောင်ခဲ့ရာမှာ ပါကစ္စတန်စီးပွားရေးလုပ်ငန်းရှင် လာခါနီက ကုန်ကျစရိတ်အားလုံး လှူဒါန်းပေးခဲ့တာပါ။ ခန္ဓာကိုယ်ချင်းဆက် အမြွှာမွေးဖွားမှုဟာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ခန္ဓာကိုယ်ချင်းဆက် အမြွှာ ၂၀ မှာ ခေါင်းချင်းဆက်အမြွှာ ၁ ကြိမ်ပဲ မွေးဖွားနိုင်ခြေရှိပါတယ်။ အများအားဖြင့် ခေါင်းချင်းဆက်အမြွှာတွေကလည်း ကလေးဘဝမှာပဲ အသက်ဆုံးရှုံးလေ့ရှိကြပါတယ်။

ဆာဖာနဲ့ မာဝါတို့ကတော့ အခုဆိုရင် အသက် ၃ နှစ်ခွဲရှိနေပါပြီ။ သူတို့က အဓိကခွဲစိတ်ကုသမှု ၃ ကြိမ် ခံယူခဲ့ရပြီး ခွဲခန်းထဲမှာ နာရီ ၅၀ ကြာ နေခဲ့ရပါတယ်။ အခုချိန်မှာ ပါကစ္စတန်နိုင်ငံကို ပြန်သွားခဲ့ပြီဖြစ်တဲ့ ဆာဖာနဲ့ မာဝါတို့ ညီအစ်မဟာ လမ်းမလျှောက်နိုင်ကြပါဘူး။ သူတို့တွေ လမ်းလျှောက်လာနိုင်အောင် အကြောအဆစ်ကုထုံးနဲ့ ပုံမှန်ကုသလေ့ရှိပါတယ်။ သူတို့က သင်ယူဖို့ အခက်အခဲရှိနေကြပါတယ်။ ဒါပေမဲ့ ဆာဖာနဲ့ မာဝါတို့ မိသားစုကတော့ ကလေး ၂ ယောက်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့လို့ ပျော်ရွှင်နေကြပြီး ခွဲစိတ်ဆရာဝန်အဖွဲ့က သူတို့အတွက် သူရဲကောင်းတွေပါလို့ ဆိုပါတယ်။

Ref: BBC ” Conjoined twins return home after successful separation”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top