မွေးစားမယ့်သူကို စောင့်ဆိုင်းနေရရှာတဲ့ ခွေးတွေအတွက် ရန်ပုံငွေရှာပေးခဲ့တဲ့ ဆယ်ကျော်သက်

11-8-2020-yyl-014.jpg

လူတစ်ယောက်ဟာ ကိုယ်ကြုံတွေ့ဖူးတဲ့ အဖြစ်အပျက်မျိုးကို အခြားသူတွေ ကြုံတွေ့နေရရင် ကိုယ်ချင်းစာစိတ်နဲ့ အရမ်းကူညီပေးချင်ကြပါတယ်။ အသက် (၁၄) နှစ်အရွယ် မီနာကူမား (Meena Kumar) ဆိုတဲ့ ကောင်မလေးဆိုရင်လည်း သူ့လိုအဖြစ်မျိုးကြုံတွေ့နေတဲ့ ခွေးလေးတွေကို ကူညီပေးနေပါတယ်။ မီနာဟာ အသက် (၂) နှစ်အရွယ်မှာ မွေးစားခံခဲ့ရတာပါ။ ဒါကြောင့် မွေးစားမယ့်သခင်ကို စောင့်ဆိုင်းနေတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ခွေးအိုတွေအတွက် ထာဝရအိမ်လေးပိုင်ဆိုင်ရဖို့ ဒေါ်လာ ၁၄,၀၀၀ ကျော်ရအောင် ရန်ပုံငွေရှာပေးနိုင်ခဲ့ပါတယ်။

“ခွေးတွေအကုန်လုံးက တကယ်ချစ်ဖို့ကောင်းတယ်လို့ ထင်တယ်။ အသက်ကြီးနေတဲ့ခွေးတွေက အခြားခွေးတွေလိုပဲ သခင်တွေကို ချစ်ခြင်းမေတ္တာ၊ သစ္စာတရားထားတတ်ပါတယ်။ ဒါကြောင့် သူတို့ထာဝရနေထိုင်နိုင်မယ့်အိမ်တစ်ခုတော့ ရှာတွေ့သင့်ပါတယ်။ သူတို့အိမ်လိုအပ်တယ်”လို့ မီနာက ပြောပါတယ်။ မီနာဟာ မိဘမဲ့ဂေဟာမှာ (၁) နှစ် နေထိုင်ခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့ ၁၂နှစ်ကျော်က အိန္ဒိယမှာ မွေးစားခံခဲ့ရပါတယ်။ အဲဒီနောက်မှာ သူနဲ့သူ့မွေးစားမိဘတွေက ကယ်လီဖိုးနီးယားပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကယ်လီဖိုနီးယားပြည်နယ်ကို ပြောင်းမရွှေ့ခင် မွမ်ဘိုင်းမြို့က မီနာ့မွေးစားအမေရဲ့ အမေတို့နဲ့အတူ တိုက်ခန်းတစ်ခုမှာ နေထိုင်တဲ့အချိန်ကတည်းက မီနာဟာ ခွေးတွေကို နှစ်သက်ခဲ့တာဖြစ်တယ်လို့ မီနာရဲ့အမေ ဂျာရာရှရီ ဆူဘရက်မိုနီးယားက ဆိုပါတယ်။ မီနာ အသက် (၈) နှစ်အရွယ်မှာ ဘန်ဘီဆိုတဲ့ခွေးလေးကို ပထမဆုံးမွေးစားခဲ့ပါတယ်။ မကြာခင်မှာ မီနာကို အိမ်နီးနားချင်းတစ်ဦးက ဆန်ဖရန်စ္စကိုက Muttville Senior Dog Rescue နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ မီနာက သူ့အိမ်နဲ့ (၁) နာရီလောက်ဝေးတဲ့ အဲဒီနေရာကို သူ့မိဘတွေနဲ့အတူ သွားလည်ခဲ့ပါတယ်။

စောင့်ရှောက်ရေးဂေဟာက ခွေးတွေကလည်း မီနာလာလည်တော့ သူ့နားကိုပဲကပ်နေခဲ့ပြီး သူ့ကိုခင်နေခဲ့ကြပါတယ်။ မီနာက ဂေဟာမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ အရမ်းငယ်လွန်းတဲ့အတွက် အခြားနည်းလမ်းနဲ့ ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် မီနာက တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာအတွက် ရန်ပုံငွေရှာပေးဖို့ Pet Fairy Services ဆိုတဲ့ ခွေးစောင့်ရှောက်ရေး ကုမ္ပဏီတည်ထောင်ခဲ့ပါတယ်။ ခရီးသွားချင်တဲ့၊ မအားတဲ့ခွေးပိုင်ရှင်တွေက သူ့ခွေးကိုကြည့်ပေးဖို့အတွက် မီနာရဲ့ကုမ္ပဏီမှာ ရက်အနည်းငယ်လောက် အပ်ထားခဲ့ရတာ ဖြစ်ပါတယ်။ မီနာက အဲဒီလိုဝန်ဆောင်မှုကို လုပ်ဆောင်ရင်းနဲ့ ရန်ပုံငွေရှာပေးခဲ့တာဖြစ်ပါတယ်။ အစက သူ့ဝန်ဆောင်မှုကုမ္ပဏီကို Nextdoor အက်ပလီးကေးရှင်းကနေတဆင့် ကြေညာခဲ့တာပါ။ နောက်ပိုင်းမှာ အိမ်နီးနားချင်းနဲ့ သူ့မိဘတွေရဲ့ သူငယ်ချင်းတွေကတဆင့် လူသိလာခဲ့ပြီး စီးပွားရေးကောင်းလာခဲ့ပါတယ်။

မီနာက တယောတီးပြီးတော့လည်း ရန်ပုံငွေရှာပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကျော်ကျော်လောက်က စောင့်ရှောက်ရေးဂေဟာကို ဒေါ်လာ ၁၄,၀၀၀ ကျော်လှူဒါန်းပေးခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ရန်ပုံငွေအားလုံးက ခွေးတွေရဲ့ဘဝကို ကယ်တင်ပေးဖို့ပါပဲ။ ဒေါ်လာ ၁၀၀၀ က ခွေးနှစ်ကောင်ရဲ့ဘဝကို ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် မီနာရဲ့လှူဒါန်းမှုက ကျွန်မတို့ကို ဘယ်လောက်တောင်ကူညီပေးခဲ့လဲဆိုတာ တွေးကြည့်လိုက်ပါ”လို့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ တည်ထောင်သူ ရှာရီ ဖရက်ကလင်က ဆိုပါတယ်။

အသက် (၉) နှစ်ကတည်းက ရန်ပုံငွေရှာပေးနေခဲ့တဲ့ မီနာက အခြားသူတွေကိုလည်း သူ့ရဲ့ဇာတ်လမ်းလေးက အတုယူစေနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ကိုယ့်နှစ်သက်တဲ့အရာကို ရွေးချယ်ပြီးလုပ်သင့်ကြောင်းဆိုပါတယ်။ ဒါ့အပြင် ဂေဟာမှာ နောက်ဆုံးထွက်သက်အထိ ကျန်နေတော့မယ့် အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ခွေးတွေကိုလည်း လူတွေမမေ့ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ “ကျေးဇူးပြုပြီး အသက်ကြီးတဲ့ခွေးတွေကို ပိုပြီးမွေးစားပေးပါ။ အခြားခွေးတွေလိုပဲ သူတို့တွေက သင့်ကို ချစ်ခြင်းမေတ္တာတရားတွေပေးမယ်လို့ သမီးပြောရဲတယ်”လို့ ပြောပါတယ်။ အခုဆိုရင် မီနာက Muttville Senior Dog Rescue အတွက် ရန်ပုံငွေရှာပေးဖို့ တိရစ္ဆာန်ဖြည့်စွက်စာ၊ တိရစ္ဆာန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Pebble Naturals နဲ့ လုပ်ကိုင်နေပါတယ်။

Ref: ABCNews “14-year-old girl who was adopted helps senior shelter dogs waiting to be adopted”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top