ဧည့်သည်အမျိုးသမီးရဲ့ ဆံပင်ကို နမ်းခဲ့တဲ့ ဝက်ဝံနက်လေး သင်းကွပ်ခံရလို့ ဒေသခံတွေ ဒေါသထွက်နေ

11-8-2020-yyl-013.jpg

သဘာဝဥယျာဉ်မှာ ဧည့်သည်အမျိုးသမီးနားကပ်ပြီး ဆံပင်ကို နမ်းခဲ့တဲ့ ဝက်ဝံနက်ကို ဖမ်းဆီး၊ သင်းကွပ်ခဲ့တဲ့လုပ်ရပ်ကြောင့် မက္ကဆီကိုနိုင်ငံမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ခန္ဓာကိုယ်အလေးချိန် ၂၁၂ ပေါင်ရှိတဲ့ ဝက်ဝံနက်လေးက ချီပင်ကေးဥယျာဉ်ထံ အလည်အပတ်လာရောက်သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ယူဆတာကြောင့် ဖမ်းဆီးခဲ့တာပါ။

ပြီးခဲ့တဲ့လက အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုထဲမှာ ဝက်ဝံနက်လေးက သူ့ပုံပါအောင် ဆယ်ဖီတွဲရိုက်နေတဲ့ အမျိုးသမီးနား ကပ်သွားပြီး ဆံပင်ကို နမ်းခဲ့တာပါ။ ချီပင်ကေးဥယျာဉ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာလည်း အဲဒီဝက်ဝံလေးနဲ့ လူသားတွေ အနီးကပ်ထိတွေ့မှုတွေ ရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ လူတွေကို တိုက်ခိုက်မှုလုပ်တာမျိုး ဖြစ်လေ့ဖြစ်ထမရှိပေမဲ့ မြောက်အမေရိကတိုက်မှာ ဝက်ဝံနက်တိုက်ခိုက်မှုကြောင့် ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူတစ်ယောက် သေဆုံးခဲ့တယ်လို့ ဝက်ဝံသုတေသနသိပ္ပံပညာရှင် ဒေ့ဗ်ဂါရှီလစ်က ပြောပါတယ်။ ဝက်ဝံတွေ တစ်ခါတရံမှာ စိတ်ရိုင်းဝင်ပြီး အန္တရာယ်ပေးတတ်သလို ခန့်မှန်းမရတဲ့ အပြုအမူမျိုးရှိတယ်လို့ သားရဲတိရစ္ဆာန် ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

သူ နေထိုင်တဲ့ သဘာဝဥယျာဉ်အမည်ကို အစွဲပြုပြီး ချီပီလို့ အမည်ပေးထားတဲ့ ဝက်ဝံနက်လေးကတော့ ယဉ်ပါးတဲ့ ဝက်ဝံလေးဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သူက ဥယျာဉ်နားက အိမ်တစ်လုံးရဲ့ နောက်ဖေးဘက်မှာ အိပ်စက်နေတုန်း မက္ကဆီကိုနိုင်ငံ ပြည်ထောင်စု သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (Profepa) ရဲ့အရာရှိတွေက ဝက်ဝံနက်လေးကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်မှာ နျူဗိုလီယွန်တက္ကသိုလ်ရဲ့ တိရစ္ဆာန်ကုဆရာဝန်တွေက ဝက်ဝံနက်လေးရဲ့ သွားလာလှုပ်ရှားမှုတွေကို ခြေရာခံနိုင်မယ့် ရေဒီယိုလည်ပတ် တပ်ဆင်ပေးခဲ့သလို သူ့ကိုလည်း သင်းကွပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ သင်းကွပ်ခဲ့တဲ့ လုပ်ရပ်ကို Profepa က စုံစမ်းစစ်ဆေးနေပါတယ်။

ဝက်ဝံနက်လေးကို ချီဟွာဟွာပြည်နယ်ရဲ့ ဆီရီရာဒီနီဒိုတောင်တန်းတွေဆီ လွှတ်ပေးလိုက်တဲ့အခါ တခြားဝက်ဝံတွေနဲ့ သတ်ပုတ်တာမျိုးမဖြစ်အောင် သင်းကွပ်ပေးဖို့ Profepa ရဲ့ သားရဲတိရစ္ဆာန်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူးချုပ် ပရီတိုက အကြံပေးခဲ့တာပါ။
ဝက်ဝံနက်လေးကို သင်းကွပ်ပြီး ချီဟွာဟွာပြည်နယ်ကို ပို့ဆောင်မယ့် အစီအစဉ်ကြောင့် ဝက်ဝံနက်လေး ကျက်စားခဲ့ရာ နျူဗိုလီယွန်ပြည်နယ် ဒေသခံတွေက ဒေါသထွက်နေကြပါတယ်။ ဝက်ဝံနက်လေးနဲ့ ဆယ်ဖီရိုက်ချင်လို့ အစားအစာတွေနဲ့ မျှားခေါ်ခဲ့ကြတဲ့ သဘာဝဥယျာဉ်လာ ဧည့်သည်တွေ၊ လမ်းပြတွေရဲ့ ပယောဂကြောင့် အခုလိုဖြစ်ရတာလို့ တချို့တွေက လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: BBC ” Wild bear that sniffed woman’s hair is caught and castrated”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top