ပလတ်စတစ်အမှိုက်တွေကို ကျောင်းလခအနေနဲ့ လက်ခံတဲ့ အိန္ဒိယနိုင်ငံက စာသင်ကျောင်း

12859860-57484535_1143658352473150_502382831419260928_n1-1559191489-728-e65320cc30-1559301872.jpg

ပါမီတ ဆာမာ (Parmita Sarma) နဲ့ မာဇင် မူထာ (Mazin Mukhtar) တို့က ချို့တဲ့နွမ်းပါးတဲ့ကလေးတွေကို ပညာတတ်မြောက်စေဖို့အတွက် အိန္ဒိယနိုင်ငံက အာသံပြည်နယ်မှာ စာသင်ကျောင်းလေးတစ်ခုကို ၂၀၁၆ခုနှစ်က စတင်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားအိမ်က ပလတ်စတစ်တွေ မီးရှို့ခဲ့တဲ့အတွက် အဆိပ်သင့်စေတဲ့မီးခိုးငွေ့တွေနဲ့ သူတို့ရဲ့စာသင်ခန်းလေးက ပြည့်နှပ်လို့နေခဲ့ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အတွက် ပါမီတ နဲ့ မာဇင်တို့က အကြံတစ်ခုရရှိခဲ့ပါတယ်။ ကျောင်းသားတွေကို ကျောင်းခအနေနဲ့ သူတို့ရဲ့အိမ်ကနေ ပလတ်စတစ်အမှိုက်တွေကို ယူလာခဲ့ခိုင်းလိုက်ပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုလက်တွေ့စမ်းသပ်ချက်တွေပြုလုပ်ပြီး ကလေးတွေကို သင်ကြားပေးလည်းဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်…။

ပညာရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ကျွမ်းကျင်တဲ့သူနှစ်ဦးဖြစ်တဲ့ ပါမီတနဲ့ မာဇင်တို့က ချို့တဲ့နွမ်းပါးတဲ့ကလေးတွေ သူတို့ရဲ့ဘဝမှာ လိုအပ်တဲ့အရည်အချင်းတွေရအောင် ကူညီပေးဖို့အတွက် Akshar ကျောင်းလေးကို စတင်ခဲ့တာဖြစ်ပါတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက တစ်ခုကတော့ ကလေးတွေ ကျောင်းလာတတ်ဖို့ ပြောဆိုနေရတာပါပဲ။ ကလေးတော်တော်များများက မိုင်းတွင်းမှာ အလုပ်လုပ်နေခဲ့ကြတာကြောင့်ပါပဲ။

သူတို့တွေရဲ့အလုပ်ကနေ အဖိုးအခရရတာကြောင့် ကလေးတွေက ကျောင်းမတတ်ချင်ဖြစ်နေခဲ့ကြပါတယ်။ ဒါကြောင့် ပါမီတနဲ့ မာဇင်တို့က ကလေးတွေကို ကျောင်းတက်ဖို့အတွက် ကလေးတွေကြိုက်တတ်တဲ့အရာတွေနဲ့ ဆွဲဆောင်ခဲ့ရပါတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ပြဿနာက ဒီတစ်ခုတည်းမဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်က ပလတ်စတစ်အမှိုက်တွေ မီးရှို့တဲ့အတွက် အဲဒီကလာတဲ့ မီးခိုးငွေ့ဒဏ်တွေကိုလည်း ခံခဲ့ရပါတယ်။

ပါမီတ နဲ့ မာဇင်တို့က အဲဒီလို ဂေဟစနစ်ဘေးအန္တရာယ်က ဘယ်လောက်ကြီးလည်းဆိုတာ နားလည်ခဲ့တဲ့အတွက် ဖြေရှင်းနည်းကို ရှာခဲ့ကြပါတယ်။ အဲဒါကတော့ ကလေးတွေကို ကျောင်းခအနေနဲ့ သူတို့ရဲ့အိမ်နဲ့ အိမ်နီးနားချင်းအိမ်တွေကနေ ပလတ်စတစ်အမှိုက်တွေကို စုဆောင်းလာခဲ့ဖို့ပါပဲ။ အခုဆိုရင် ကလေးတွေက မနက် ကျောင်းလာတာနဲ့ လွယ်အိတ်တွေအပြင် ပလတ်စတစ်အမှိုက်တွေနဲ့ ပြည့်နေတဲ့ အိတ်တစ်လုံးတောင် ပါလာခဲ့ကြပါတယ်။

ကျောင်းသားတွေ စုဆောင်းခဲ့တဲ့ ပလတ်စတစ်အမှိုက်တွေအားလုံးကို ပြန်လည်အသုံးပြုဖို့ ဆောက်လုပ်ရေးပိုင်းပစ္စည်းအနေနဲ့ ပြောင်းလဲပစ်ခဲ့ပါတယ်။ ပလတ်စတစ်အိတ်တွေကို ပလတ်စတစ်ဘူးတွေထဲကို ထည့်ပြီး ဆောက်လုပ်ရေးပရောဂျက်တစ်ခုအတွက် အုတ်ခဲအနေနဲ့ အသုံးပြုခဲ့ပါတယ်။ ကလေးတွေက စာသင်ကျောင်းရဲ့ခြံဝင်းထဲမှာ အဲဒီပလတ်စတစ်ဘူးတွေကို အသုံးပြုပြီး ပန်းပင်တွေကို ကာရန်ပေးတဲ့အနေနဲ့ ဘောင်ခတ်ပေးခဲ့ကြပါတယ်။

အခုခေတ် ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အရာတွေအားလုံးကို သိရှိနားလည်စေဖို့အတွက်လည်း ကလေးတွေကို သင်ကြားပေးခဲ့ပါတယ်။ ကလေးတွေနဲ့ ဆရာ/ဆရာမတို့ ကြိုးစားအားထုတ်ခဲ့တဲ့အရာတွေက ဒေသခံတွေကို Recycling Campaign တွေမှာ ပါဝင်ဖို့အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။

စာသင်ကျောင်းလေးရဲ့အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုက သဘာဝတရားနဲ့ လူသားတွေ သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲသိတဲ့ မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးဖို့ပဲဖြစ်ပါတယ်။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top