ကမ္ဘာ့စံချိန်မှတ်တမ်း (၄) ခု ကိုင်ဆောင်ထားတဲ့ အသက် ၁၀၀ အရွယ် မာရသွန်အပြေးသမား

12-10-2022-yyl-27.jpg

အသက် ၁၀၀ ရှိပြီဖြစ်တဲ့ မိုက်ခ် ဖရိမုတ်ကို အိုဟိုင်းယိုးပြည်နယ်၊ ဆနယ်တီမြို့က လူတွေတင်မကဘဲ အခြားမြို့ကလူတွေကပါ သူ့ကို မာရသွန်အပြေးသမားအဖြစ် ကောင်းကောင်းသိကြပါတယ်။ သူ ပြေးနေခဲ့တာ ဆယ်စုနှစ်တော်တော်ကြာနေလို့ပါပဲ။ သူ့အိမ်အနီးနားမှာ သူပြေးနေကျလမ်းကြောင်းက လူတွေဟာ သူ့ကိုတွေ့ရင် “ဒီနေရာမှာ မင်းကို တွေ့တာ အနှစ် ၄၀ ရှိပြီ” လို့ ပြောကြပါတယ်။

မိုက်ခ်က ကမ္ဘာ့အပြေးစံချိန်မှတ်တမ်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ သူက သူ့ရဲ့ပထမဇနီး ဦးနှောက်သွေးယိုစီးမှုကြောင့် ရုတ်တရက်သေဆုံးသွားပြီးနောက် အသက် ၃၀ လောက်မှာ စပြီးပြေးခဲ့တာပါ။ သူ့ဇနီးက သူ့ကို (၂) ပတ်သားကလေးအပါအဝင် ကလေး (၃) ယောက်နဲ့ ထားရစ်ခဲ့တာကြောင့် အရမ်းစိတ်ဖိစီးခဲ့လို့ စိတ်ဖိစီးမှု ပြေပျောက်ဖို့အတွက် အမြဲလိုလို သူ့ကလေးတွေထဲက တစ်ယောက်ကို ခေါ်ပြီး ပြေးခဲ့ပါတယ်။

နောက်တော့ သူတစ်ယောက်တည်း ပုံမှန်လိုလို မိုင်ပေါင်းများစွာပြေးနေခဲ့ပေမဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်းအထိ အပြေးပြိုင်ပွဲတွေမှာ မပါဝင်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက သူဟာ အူမကြီးကင်ဆာရောဂါရှာဖွေတွေ့ရှိခဲ့ပြီး (၃) လပဲ အသက်ရှင်ရတော့မယ်လို့ ဆရာဝန်တွေက သူ့ကို ပြောခဲ့တာပါ။

မိုက်ခ်က (၃) လ ကျော်ထဲအထိ အသက်ရှင်နေတုန်းပါပဲ။ (၂) နှစ်ခွဲအကြာမှာ သမားတော်တွေက ကင်ဆာအကျိတ်ကို ဖယ်ရှားခဲ့ပါတယ်။ ကင်ဆာရောဂါပြန့်ပွားမှုလည်း လုံးဝမရှိတာတွေ့ရတော့ တအံ့တဩဖြစ်ခဲ့ရပါတယ်။ မိုက်ခ်က ရောဂါပျောက်ကင်းသွားတော့ 10K အပြေးပြိုင်ပွဲတွေကစပြီး မာရသွန်ပြိုင်ပွဲတွေအထိ အပြေးပြိုင်ပွဲတွေမှာ စပြီး ပါဝင်ခဲ့ပါတယ်။ နောက်တော့ အပြေးပြိုင်ပွဲတချို့မှာ အနိုင်ရခဲ့ပါတယ်။

အခုဆို မိုက်ခ်က မာရသွန်အပြေးပြိုင်ပွဲနဲ့ ကမ္ဘာ့စံချိန်မှတ်တမ်းအပါအဝင် မှတ်တမ်း (၅) ခုကို ပိုင်ဆိုင်ထားပါတယ်။ အသက် ၈၀ မှာ ကမ္ဘာ့အမြန်ဆုံးစံချိန်၊ အသက် ၉၀ မှာလည်း ကမ္ဘာ့အမြန်ဆုံးစံချိန်၊ အသက် ၉၀ မှာ တစ်ဝက်မာရသွန်အတွက် ကမ္ဘာ့အမြန်ဆုံးစံချိန်၊ အသက် ၉၁ နှစ်မှာ တစ်ဝက်မာရသွန်အတွက် ကမ္ဘာ့အမြန်ဆုံးစံချိန်နဲ့ အသက် ၉၆ နှစ်မှာ အမြန်ဆုံးမိုင်နှုန်းအတွက် အမေရိကန်စံချိန် အစရှိတဲ့ စံချိန်မှတ်တမ်းတွေကို ရရှိခဲ့တာပါ။

မိုက်ခ်က အသက် ၁၀၀ ရှိပြီဖြစ်ပေမဲ့ နောက်ထပ်ကမ္ဘာ့စံချိန်မှတ်တမ်းတွေယူဖို့ အစီအစဉ်ရှိနေပါတယ်။ မာရသွန်ပြိုင်ပွဲအတွက် လေ့ကျင့်တာ (ဒါမှမဟုတ်) ပြေးရတာတွေကို တွန့်ဆုတ်နေတဲ့သူတွေအတွက် မိုက်ခ် ပြောထားတာက “ငါနဲ့လိုက်ခဲ့၊ မင်းနဲ့အတူ လမ်းလျှောက်မယ်။ မင်းနဲ့အတူ ပြေးမယ်။ မင်း လုပ်ချင်တဲ့ ဘယ်ဟာမဆိုပါပဲ”တဲ့။

Ref: Upworthy “100-year-old with four world records in running has no plans to stop: ‘Having the time of my life'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top