ကြောင်မလေး နဲ့ ခွေးဘီလူးကြားက သံယောဇဉ်

pitbull-cat.jpg

အများအားဖြင့် ခွေးနဲ့ ကြောင်က မတည့်ကြပေမယ့် ဘက်ဘာဆိုတဲ့ ခွေးဘီလူးကတော့ ရူဆိုတဲ့ ကြောင်မလေးကို သူ့ညီမလို စောင့်ရှောက်ပြီး မျက်စိအောက်က အပျောက်မခံဘူးလို့ သူတို့သခင်က ပြောပါတယ်။

ပစ်ဇယ်လိုဆိုတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့က ပိုင်ရှင်မဲ့ တိရစ္ဆာန်ဂေဟာကနေ ၃ လအရွယ် ခွေးဘီလူးငယ် ဘက်ဘာကို မွေးစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ပစ်ဇယ်လိုရဲ့ အခန်းဖော်ကလည်း ကြောင်သားပေါက်လေး တစ်ကောင်ကို နို့ဗူးတိုက် မွေးခဲ့ပါတယ်။

အဲဒီကစလို့ ဘက်ဘာဟာ ကြောင်တွေအပေါ် ချစ်ခင်လာခဲ့ပြီး တဖြည်းဖြည်း သံယောဇဉ် တွယ်ခဲ့ပါတယ်။ ကြောင်တွေအပေါ် ဘက်ဘာ သံယောဇဉ်တွယ်တာကို သိခဲ့တဲ့ သူ့သခင်မ ပစ်ဇယ်လိုဟာ နယူးယော့ခ်ကို ပြောင်းချိန်မှာ ဘက်ဘာအတွက် အဖော်ရအောင် ကြောင်ကလေး တစ်ကောင်မွေးဖို့ တိရစ္ဆာန်ဂေဟာကို ဆက်သွယ်ခဲ့ပါတယ်။ တိရစ္ဆာန်ဂေဟာက ကြောင်မွေးခွင့်ရပြီဆိုပြီး အကြောင်းကြားလို့ ပစ်ဇယ်လိုက ကြောင်သွားခေါ်ချိန်မှာ သူ မွေးခွင့်ရတဲ့ ကြောင်မလေးက ဘက်ဘာလိုပဲ အဝါရောင်ရှိနေတာ တွေ့ခဲ့ရပါတယ်။

“သူတို့နှစ်ကောင် တဖြည်းဖြည်း ရင်းနှီးလာခဲ့ပြီး အခုချိန်မှာတော့ ခွဲမရတော့ပါဘူး။ ရူက ဘက်ဘာကို သူ့အမေလို့ ထင်နေပြီး ဘက်ဘာကလည်း ရူကို ချစ်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဘက်ဘာက ရူကို သူ့အနားမှာထားပြီး ထွေးပွေ့ထားတတ်ပါတယ်။ သူတို့နှစ်ကောင် ချစ်ချစ်ခင်ခင် ကြီးထွားလာတာကို ကြည့်ရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်” လို့ ဘက်ဘာနဲ့ ရူတို့ရဲ့ သခင်မ ပစ်ဇယ်လိုက ပြောပါတယ်။ ကြောင်မလေး ရူက အခုချိန်အထိ ခန္ဓာကိုယ် အရွယ်အစား သေးငယ်နေစဲဖြစ်ပြီး ဘက်ဘာက ရူကို မျက်ခြေမပြတ် စောင့်ကြည့်နေတတ်တယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top