သမီးအတွက် အငှားကိုယ်ဝန်ဆောင်ပေးခဲ့တဲ့ အသက် (၅၁) နှစ်အရွယ် မိခင်

21-10-2020-yyl-008.jpg

အီလီနွိုင်းပြည်နယ်က အသက် (၅၁) နှစ်အရွယ် မိခင်တစ်ဦးဟာ သူ့သမီးကိုယ်စား ကိုယ်ဝန်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် အငှားကိုယ်ဝန်အနေနဲ့ ကိုယ်ဝန်လွယ်ထားရတာ (၉) လနီးပါးရှိနေပါပြီ။ ဂျူလီယာ လက်ဗီက သူ့သမီး ဘရီရန်နာ လော့ခ်ဝုအတွက် ကိုယ်ဝန်အငှားဆောင်ပေးရတာက သူ့အတွက် လက်ဆောင်တစ်ခုပေးရသလို ခံစားရတယ်လို့ ဆိုပါတယ်။

ခဏခဏ ကိုယ်ဝန်ပျက်ကျခဲ့တဲ့ လော့ခ်ဝုနဲ့သူ့ခင်ပွန်းတို့ကို ကိုယ်စား ကိုယ်ဝန်ဆောင်ပေးဖို့တစ်ယောက်ယောက်ရှာရမယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ အဲဒါနဲ့ လော့ခ်ဝုရဲ့မိခင်က ကိုယ်ဝန်အငှားဆောင်ပေးဖို့အတွက်တောင် လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အစက လော့ခ်ဝုဟာ သူ့မိခင်ကို သူ့ကိုယ်စားကိုယ်ဝန်ဆောင်ခိုင်းဖို့ မသေချာခဲ့ပါဘူး။ “ကျွန်မ အမေ့ကို မလုပ်ဖို့ ပြောပါတယ်။ အမေ စိတ်ကူးပြောင်းသွားအောင် မကြာမကြာပြောပါတယ်။ အမေ့အသက်အရွယ်နဲ့ ဖြစ်နိုင်မယ် ကျွန်မ မထင်ခဲ့လို့ပါ။ အမေက သွေးဆုံးနေပြီဆိုတော့”လို့ လော့ခ်ဝုက ပြောပါတယ်။

ဒါပေမဲ့ လက်ဗီကို ကိုယ်ဝန်အငှားဆောင်ဖို့ ဆေးစစ်ချက်မျိုးစုံလုပ်ပြီးတဲ့နောက်မှာ လက်ဗီက ကိုယ်ဝန်အငှားဆောင်ဖို့ သင့်တော်တယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ လော့ခ်ဝုက မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အတွက် ဆရာဝန်တွေဆီက အခုလိုကြားလိုက်ရတော့ ဝမ်းသာမိခဲ့ပါတယ်။ လက်ဗီက အသက် ၅၁ နှစ်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိခဲ့တာပါ။ “ကျွန်မ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာမျိုးမရှိပါဘူး။ ကျွန်မ ကျန်းမာသန်စွမ်းတယ်။ အဲဒါကြောင့်မို့ ကိုယ်ဝန်အငှားဆောင်နိုင်မယ်လို့ တွေးခဲ့တာပါ။ ကျွန်မ အသက် (၂၀) အရွယ်တုန်းကထက် ပိုပြီး ကျန်းမာပါတယ်။ ဒါကြောင့် မစိုးရိမ်ခဲ့ပါဘူး” လို့ လက်ဗီက ပြောပါတယ်။

လက်ဗီက ဘော်စဘွန်မာရသွန်အပြေးသမားလည်းဖြစ် ပါတယ်။ သူက ကလေး (၂) ယောက်ရှိပြီး သူ့သမီးလော့ခ်ဝုအတွက် ကလေးရဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာကို သိတဲ့အတွက် သူ့သမီးကိုယ်စား နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်မယ်ဆိုတာ သေချာခဲ့တာပါ။ မမျိုးဥနဲ့ သုက်ပိုးကို ပေါင်းစပ်ပြီး မျိုးအောင်ထားတဲ့ In Vitro Fertilization (ဖန်ပြွန် သန္ဓေသား) ဖြစ်စဉ်အရကြည့်မယ်ဆိုရင် လက်ဗီ လွယ်ထားရတဲ့ ကလေးက လော့ခ်ဝုနဲ့ သူ့ရဲ့ခင်ပွန်းတို့ရဲ့ကလေးပါပဲ။ လက်ဗီက ကိုယ်ဝန်ဆောင်ပေးတာအပြင် ကလေးနဲ့ ပတ်သက်ဆက်နွယ်မှုကတော့ အဘွားအနေနဲ့ပါပဲ။

လက်ဗီက သူ့သမီးကိုယ်စား ကိုယ်ဝန်ဆောင်ပေးနေတာကို သူ့ရဲ့အင်စတာဂရမ်မှာ မျှဝေပေးနေပါတယ်။ သူ့သမီးလိုဖြစ်ရပ်မျိုးကြုံတွေ့နေရတဲ့အခြားအမျိုးသမီးတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ မျှော်လင့်နေပါတယ်။ “လိုလျှင်ကြံဆ၊ နည်းလမ်းရတဲ့။ IVF နဲ့ ကလေးယူမလား၊ အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး ယူမလား၊ ကလေးမွေးစားမလား အမျိုးမျိုးရှိပါတယ်” လို့ လက်ဗီက ဆိုပါတယ်။ လော့ခ်ဝုရဲ့သမီးလေးကို လက်ဗီက နိုဝင်ဘာလမှာ မွေးဖွားပေးမှာဖြစ်ပါတယ်။ မွေးဖွားပြီးတဲ့အထိ ကလေးက သူ့အဘွားလက်ဗီနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။

Ref: CBSNews “51-year-old mom carrying daughter’s baby as gestational surrogate”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top