ကပ်ရောဂါကြောင့် (၄) ရက်အတွင်း မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရသူ

4-8-2020-yyl-003.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ စီးပွားရေးအကျပ်အတည်း ဖြစ်စေရုံသာမက လူသက်ပေါင်းများစွာကိုလည်း နှုတ်ယူနေတာဖြစ်ပါတယ်။ တချို့ဆိုရင် ကပ်ရောဂါကြောင့် မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ အတ္တလန္တာမြို့က အသက် (၁၇) နှစ်အရွယ်ကောင်လေး ဂျက်စတင် ဟန်တာ (Justin Hunter) ကလည်း ကပ်ရောဂါကြောင့် (၄) ရက်အတွင်း မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ ဂျက်စတင် ဟန်တာဟာ သူ့ရဲ့မိဘနှစ်ပါးလုံး COVID-19 ရောဂါကိုခံစားခဲ့ရပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃၁ ရက်နေ့မှာတော့ ဂျက်စတင်က သူ့အမေနဲ့အဖေ သေဆုံးတဲ့အကြောင်းကို တွစ်တာအကောင့်မှာ ရေးသားခဲ့တဲ့အပြင် သူ့ကို မွေးထုတ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ သူ့အတွက် သူ့မိဘတွေက စံပြပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဂျက်စတင်က သူ့ကို အားပေးကြတဲ့ လူမှုကွန်ယက်အကောင့် အသုံးပြုသူတွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ ဂျက်စတင်က The Johns Creek High School ဘောလုံးအသင်းက အဖွဲ့ဝင်ဖြစ်တဲ့အတွက် ဘောလုံးအသင်းကလည်း “ဆုတောင်းပေးမယ့်သူတွေလိုအပ်ပါတယ်။

ကျွန်တော်တို့ ကစားသမားတွေထဲက တစ်ယောက်က လွန်ခဲ့တဲ့ (၄) ရက်မှာ သူ့မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ ဂျက်စတင်နဲ့ သူ့မိသားစုအတွက် ဆုတောင်းပေးမယ့်လူတွေ လိုအပ်ပါတယ်” ဆိုတဲ့စာသားကို တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ ဂျက်စတင်က သူ့မိသားစုတစ်စုလုံး ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပေမယ့် သူကတော့ ရောဂါလက္ခဏာမပြခဲ့ပါဘူး။ ဒါပေမဲ့ သူ့မိဘတွေက အရမ်းဖျားနာခဲ့ပြီး ရောဂါလက္ခဏာတွေပြခဲ့တယ်လို့ WSB-TV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ “သူတို့ရဲ့အပူချိန်က အရမ်းမြှင့်လာခဲ့တယ်။ သူတို့ ခေါင်းကိုက်ခဲ့တယ်။ ကြောက်စရာကောင်းလောက်အောင်ချောင်းဆိုးတယ်။ ခြေကုန်လက်ပန်းကျသလို ခံစားခဲ့ရတယ်”လို့ ဂျက်စတင်က ဆိုပါတယ်။ သူ့မိဘတွေက အိမ်မှာပဲ Quaratine ခံယူခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံတက်ရောက်ခဲ့ရပါတယ်။ သူ့အဖေ အန်ဂီက ဇူလိုင် ၂၆ ရက်နေ့မှာ သေဆုံးခဲ့သလို သူ့အမေယူဂျင်းကလည်း ဇူလိုင် ၃၀ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ဂျက်စတင်က သူတို့မိသားစုဟာ ဒီကပ်ရောဂါအတွင်းမှာ ဘေးကင်းစွာနေဖို့ ကြိုးစားနေရတဲ့ သာမန်မိသားစုဖြစ်ပြီး သူ့အမေက Mask နဲ့ လက်အိတ်ဝတ်ဆင်တာလို ကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့တဲ့အပြင် “သင်ကိုယ်တိုင်အတွက် Mask မဝတ်ဘူးဆိုရင် အခြားသူတွေအတွက် Mask ဝတ်ပေးပါ။ သင်က အခြားသူရဲ့ဘဝကို ကယ်တင်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်”လို့ ပြောပြီး အခြားသူတွေကို Mask ဝတ်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဂျက်စတင်ရဲ့မိဘတွေ COVID-19 ကြောင့် သေဆုံးသွားခဲ့တာကြောင့် မိသားစုအတွက် GoFundMe ပေ့ချ်တစ်ခုထောင်ထားပါတယ်။ ပေ့ချ်မှာရေးသားထားတာက “အခုအပတ်မှာ အန်ဂီနဲ့ ယူဂျင်းတို့ ဆုံးရှုံးလိုက်ရတာက ကျွန်တော်တို့တွေအားလုံးကို အရမ်းကြေကွဲ ဝမ်းနည်းစေခဲ့ပါတယ်။ ကျေးဇူးပြုပြီး သူတို့ရဲ့အသက်(၁၇)နှစ်အရွယ်သားလေး ဂျက်စတင်ကို ပံ့ပိုးကူညီပေးကြပါ။ မင်းတို့ရဲ့ထောက်ပံ့မှုကို ဂျက်စတင်အတွက် အသုံးပြုသွားမှာပါ။ ဂျက်စတင် ပညာရေးကို ဆက်လက်ဆည်းပူးနိုင်ဖို့နဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အခြေခံဘဝ လိုအပ်ချက်တွေရဖို့ ဒါက အကူအညီပေးမှာဖြစ်ပါတယ်” ဆိုတဲ့စာသားလေးပါပဲ။

Ref: CBSNews “17-year-old boy loses both parents to COVID-19 within 4 days”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top