အာရှခရီးစဉ်ကနေ ဂျိုးဘိုင်ဒင် ပြန်သွားပြီး နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားက ဒုံးကျည် ၃ စင်းပစ်လွှတ်

25-5-2022-yyl-04.jpg

တောင်ကိုရီးယားနဲ့ ဂျပန်ကို လာရောက်ခဲ့တဲ့ ၅ ရက်ကြာ အာရှခရီးစဉ်ကနေ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြန်သွားပြီး နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်အပါအဝင် ဒုံးကျည် ၃ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ မေလ ၂၅ ရက် နံနက်ပိုင်းက အချိန်တစ်နာရီမပြည့်ခင်အတွင်း ပြုံယမ်းမြို့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရေးအတွက် စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေ တိုးမြှင့်ဆောင်ရွက်လာတာကို တားဆီးနိုင်ဖို့အတွက် လိုအပ်လာရင် အမေရိကန်နိုင်ငံရဲ့ ဗျူဟာမြောက်လက်နက်တွေကို ဖြန့်ကျက်ဖို့ လွန်ခဲ့တဲ့ ၄ ရက်က ဆိုးလ်မြို့ ထိပ်သီးအစည်းအဝေးပွဲမှာ ဂျိုးဘိုင်ဒင်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုတို့ သဘောတူညီခဲ့ကြပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ မေလ ၁၂ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို တွန်းလှန်တိုက်ဖျက်ဖို့ အရေးပေါ်စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ချိန်မှာတောင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု လုပ်ခဲ့ပါသေးတယ်။

မေလ ၂၅ ရက်မှာ မြောက်ကိုရီးယားက အနည်းဆုံး ဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်နိုင်ငံက အတည်ပြုခဲ့ပြီး ပထမဒုံးကျည်က အမြင့် ၅၅၀ ကီလိုမီတာ၊ အကွာအဝေး ၃၀၀ ကီလိုမီတာအထိ ရောက်ရှိကာ ဒုတိယဒုံးကျည်က အမြင့် ၅၀ ကီလိုမီတာ၊ အကွာအဝေး ၇၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့တယ်လို့ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီက ပြောပါတယ်။

ဒါဟာ လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ပြီး ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်မှာ တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက အစည်းအဝေးခေါ်ယူခဲ့ပြီး ဆိုးရွားတဲ့ကျူးကျော်ရန်စမှုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref: BBC ” North Korea fires missiles hours after Biden leaves Asia”

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top