ဖခင်နဲ့အတူ ကယ်လီဖိုးနီးယားတောမီးငြိမ်းသတ်ပေးနေတဲ့ အသက် ၁၉ နှစ်အရွယ် ရဟတ်ယာဉ်မှူး

17-9-2020-yyl-001.jpg

ကယ်လီဖိုးနီးယားပြည်နယ်ကတော့ တောမီးလောင်ကျွမ်းတဲ့ဒဏ်ကို ဆိုးဆိုးရွားရွားခံနေရပါတယ်။ မီးခိုးငွေ့တွေကလည်း လေထုညစ်ညမ်းမှုဖြစ်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တောမီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေကြရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က ဧက ၃ သန်းကို မီးလောင်ကျွမ်းစေခဲ့တဲ့ တောမီးကို ငြိမ်းသတ်ပေးဖို့အတွက် အသက် (၁၉) နှစ်အရွယ်ရဟတ်ယာဉ်မှူး ကောင်မလေးကလည်း ပါဝင်ကူညီပေးခဲ့ပါတယ်။ အက်ရှလီ ဘလီနီ (Ashi Blaine) က ဆယ်ကျော်သက်ဖြစ်ပေမယ့် အကြီးဆုံးရဟတ်ယာဉ်တွေထဲက တစ်ခုဖြစ်တဲ့ ပေါင် ၄၀,၀၀၀ CH-47 ရဟတ်ယာဉ်ကို ပျံသန်းမောင်းနှင်တာပါ။

“ဒါက မိသားစုလုပ်ငန်းလို့ပြောလို့ရပါတယ်။ ကျွန်မရဲ့အဖေက မီးငြိမ်းသတ်ပေးတဲ့အလုပ်လုပ်နေတာ နှစ် ၃၀ နီးပါးရှိနေပါပြီ။ ကျွန်မ ရဟတ်ယာဉ်မှူးဖြစ်လာချင်းချင်းမှာ ကျွန်မရဲ့ပန်းတိုင်တွေထဲက တစ်ခုက မီးငြိမ်းသတ်ရေးထဲဝင်ရဖို့ဆိုတာ သိခဲ့ပါတယ်”လို့ ဘလီနီက ဆိုပါတယ်။ ဘလီနီက သူ့အဖေရဲ့ တွဲဖက်ယာဉ်မှူးအဖြစ် ပျံသန်းရင်းနဲ့ သယ်လာတဲ့ရေတွေကို တောမီးလောင်နေတဲ့နေရာတွေကို ရောက်အောင်လုပ်ဆောင်ပေးရပါတယ်။ “တစ်ခါတလေ အန္တရာယ်များတဲ့အခြေအနေတွေမှာလည်း ပျံသန်းရနိုင်ပါတယ်။ မီးခိုးငွေ့အထူကြီးဖြစ်နေတဲ့အခါ (ဒါမှမဟုတ်) အခြားရဟတ်ယာဉ်တွေနဲ့ အလုပ်လုပ်ရတဲ့အခါတွေမှာ”လို့ ပြောပါတယ်။

ဒါပေမဲ့ အသက် (၁၃) နှစ်ကတည်းက ရဟတ်ယာဉ်မောင်းနေခဲ့တဲ့ အမျိုးသမီးလေးအတွက်တော့ ဒါက သူ့စိတ်ကူးအိပ်မက်ထဲကအလုပ်ပါပဲ။ “ကျွန်မ ဒါကိုလုပ်ရတာကြိုက်တယ်။ အထူးသဖြင့် ကျွန်မရဲ့အဖေနဲ့ တောမီးငြိမ်းသတ်ရတာ။ ဒါက အကောင်းဆုံးအရာတွေထဲက တစ်ခုပါ”လို့ ဘလီနီက ပြောပါတယ်။

ရဟတ်ယာဉ်မောင်းတာအပြင် ဖခင်ဆီကနေ သင်ယူခဲ့ရတဲ့ အရေးကြီးဆုံးသင်ခန်းစာက ဘာလဲလို့ မေးတော့ ဘလီနီက “လူကောင်းတစ်ယောက် ဘယ်လိုဖြစ်ရမလဲဆိုတာပါ။ အဖေက အရမ်းရည်မှန်းချက်ကြီးတယ်။ ကြင်နာသနားတတ်တယ်။ ဒါက အဖေဆီကနေ ရနိုင်တဲ့၊ သင်ယူရတဲ့အရာပါပဲ”လို့ ပြောပါတယ်။ ဘလီနီ မီးငြိမ်းသတ်ရေး လုပ်ငန်းစဉ်အတွက် သွားတဲ့အခါမှာ သူ လိုအပ်တာအားလုံးက ရေဗူးနဲ့ သွားရည်စာမုန့်တွေပါပဲ။

Ref: CBSNews “19-year-old helicopter pilot joins the fight against wildfires in California”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top