မိုးရေထဲမှာ သခင်ကို စောင့်ဆိုင်းနေတဲ့ ခွေးလေးကို ထီးမိုးပေးခဲ့တဲ့ လုံခြုံရေးဝန်ထမ်း လူမှုကွန်ယက်မှာ နာမည်ကြီးနေ

2-6-2020-yyl-014.jpg

လက်တလော လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့နေတာကတော့ လုံခြုံရေးဝန်ထမ်းနဲ့ ဂိုးလ်ဒင်း ရီထရီဗာ ခွေးလေးတို့အကြောင်းပါ။ အဲဒီအကြောင်းက ဘာလို့ လူပြောများနေတာလဲဆိုရင် စူပါမားကတ်အပြင်ဘက် မိုးရေထဲမှာ သခင်ကို စောင့်ဆိုင်းနေပုံရတဲ့ ဂိုးလ်ဒင်း ရီထရီဗာခွေးလေးကို Marrisons စူပါမားကတ်ရဲ့လုံခြုံရေးဝန်ထမ်းက ထီးမိုးပေးခဲ့လို့ပါပဲ။ ခွေးလေးကို ထီးမိုးပေးခဲ့တဲ့ အဲဒီလုံခြုံရေးဝန်ထမ်းရဲ့နာမည်က အီသန် ဒီယာမန်းလို့ သိရပါတယ်။

ဂိုးလ်ဒင်း ရီထရီဗာခွေးလေးတစ်ကောင်တည်း မိုးရေထဲရှိနေချိန်မှာ အီသန်က စူပါမားကတ်တစ်ဝိုက်မှာ လှည့်လည်ကြည့်ရှုနေခဲ့တာပါ။ သူက ခွေးလေးကို မြင်ပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ ခွေးလေးနားလာကာ မိုးရေမစိုဖို့အတွက် ထီးမိုးပေးခဲ့ပါတယ်။ ခွေးလေး စူပါမားကတ်ရှေ့ ရောက်လာချင်းတုန်းကတော့ မိုးမရွာသေးပါဘူး။ ခွေးလေးပေါ် မိုးရေတွေရွာချလာချိန်မှာ အီသန်က ခွေးလေးရဲ့ဘေးကနေ မရွေ့တော့ဘဲ သူ့ထီးကို အသုံးပြုပြီး မိုးပေးခဲ့တာပါ။ ဒီမြင်ကွင်းကို အသက် (၂၅)အရွယ် တတ်တူးပညာရှင် မယ်လ် ဂရေဆီက ကားထဲကနေ မြင်ခဲ့ပြီး ဓာတ်ပုံရိုက်ထားခဲ့ပါတယ်။ အဲဒီနောက်မှာ ဓာတ်ပုံကို သူ့တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။

ပုံထဲမှာ အီသန်က လုံခြုံရေးဝတ်စုံအပြည့်နဲ့ စိမ်းပုတ်ရောင်ထီးလေးကိုင်ပြီး မိုးရေအစိုးခံကာ ခွေးလေးကို မိုးပေးနေတာ မြင်တွေ့ရမှာပါ။ သူဟာ မိုးအစိုးခံပြီး ခွေးလေးကို ဦးစားပေးကာ ထီးမိုးပေးခဲ့တာက လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်ဝင်စားသွားစေခဲ့တာပါ။ ဂရေဆီ တင်လိုက်တဲ့ပုံက လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ တော်တော်လေး နာမည်ကြီးသွားခဲ့ပါတယ်။ လူတော်တော်များများက လုံခြုံရေးဝန်ထမ်းကို လူတော်တစ်ယောက်လို့ ပြောနေကြတဲ့အပြင် ဈေးဝယ်သူတွေကိုတင်မဟုတ်ဘဲ သူတို့ရဲ့ခွေးကိုတောင် စောင့်ရှောက်ပေးတဲ့ ဟီးရိုးလို့တောင် တချို့က ခေါ်နေကြပါတယ်။ အီသန်ရဲ့ကိုယ်ကျိုးမငဲ့တဲ့ လုပ်ရပ်အတွက် လူမှုကွန်ယက်အသုံးပြုသူတွေက ကျေးဇူးတင်စကား၊ ချီးကျူးစကားဆိုခဲ့ကြပါတယ်။ ခွေးပိုင်ရှင် ဒေးဗစ် ချယ်ရီကလည်း သူ့ခွေးလေး အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတာကို တွေ့ရှိသွားပြီးတဲ့နောက်မှာ အီသန်ရဲ့အကြင်နာတရားအတွက် ကျေးဇူးတင်ခဲ့ပါတယ်။

“မိုးရွာတဲ့အချိန်မှာ Freddie ကို ထီးမိုးပေးခဲ့တဲ့အတွက် လုံခြုံရေးဝန်ထမ်းအီသန်ကို ကျေးဇူးတင်ပါတယ်။ အရမ်းကြင်နာတတ်တာပဲ။ ကျွန်တော့် အစ်ကို၊ အဖေနဲ့ Freddie တို့အပေါ် သူ အမြဲကောင်းပေးပါတယ်။ ဒါက Freddie ငယ်ငယ်က ပုံလေးပါ” လို့ ဒေးဗစ်က ခွေးလေး ငယ်ငယ်ကပုံနဲ့အတူ တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။ လုံခြုံရေးဝန်ထမ်း အီသန်ကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး ဒီလောက်ထိ နာမည်ကြီးသွားလိမ့်မယ်လို့ သူ မထင်ကြောင်းပြောပါတယ်။

Ref: Security Guard For A Morrisons Store Goes Viral For Shielding A Waiting Dog From The Rain With His Umbrella

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top