ကိုဗစ်ရောဂါခံစားနေရတဲ့ကလေးမိခင်တစ်ဦးအတွက် စာပို့သမားတစ်ဦးရဲ့စေတနာ

21-12-2020-yyl13.jpg

လူသားတွေ ခက်ခဲကျပ်တည်းနေတဲ့ ကိုဗစ်ကာလမှာ မွန်မြတ်တဲ့၊ အလှူအတန်းရက်ရောပြီး သဒ္ဒါတရားထက်သန်တဲ့လူမျိုးတွေရှိနေတာ ကောင်းတဲ့အရာပါပဲ။ အဲဒီလူမျိုးတွေရဲ့ကူညီပေးမှုကို လီဆက်တီ လီဂျီနီ (Lisette LeJeune) ဆိုတဲ့ ကလေးမိခင်တစ်ဦးက ရရှိခဲ့ပါတယ်။ ကလေးမိခင်ဖြစ်တဲ့ လီဆက်တီက သူနဲ့ သူ့သား (၂) ဦးစလုံးက ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့အတွက် ဟူစတန်မြို့က သူ့ရဲ့နေအိမ်မှာပဲ (၂) ပတ်တာ Quarantine ခံယူခဲ့ရပါတယ်။ အိမ်အပြင်ကိုလည်း ထွက်လို့မရတဲ့အတွက် လိုအပ်တဲ့ဆေးပစ္စည်းတွေနဲ့ အစားအစာတွေရဖို့အတွက် သူ့ရဲ့မိသားစုဝင်တွေရဲ့အကူအညီကို ယူနေရတာဖြစ်ပါတယ်။ လီဆက်တီက ပထမအပတ်မှာ တော်တော်လေးနေမကောင်းဖြစ်ခဲ့တဲ့အတွက် သူ့သား (၂) ယောက်ကိုတောင် ဂရုစိုက်ဖို့ ခက်ခဲခဲ့ပါတယ်။ လီဆက်တီက Single mom တစ်ယောက်ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ တော်တော်လေး အခက်ခဲရှိခဲ့တာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သူဟာ သူစိမ်းတစ်ယောက်ရဲ့Surprise လုပ်တာကို ကြုံခဲ့ရပါတယ်။ အဲဒီနေ့က သူ့ရဲ့သားအငယ်ဆုံးလေး ကိုဗစ်လက္ခဏာရပ်ကို ခံစားနေရပြီး ပစ္စည်းတချို့လိုအပ်နေချိန်မှာ သူ့ရဲ့အိမ်တံခါးဝရှေ့မှာ ပါဆယ်ထုပ်တစ်ထုပ်ကို တွေ့ခဲ့ရလို့ အံ့အားသင့်ခဲ့ရပါတယ်။ အစကတော့ သူ့မိသားစုဝင်တစ်ယောက်က ဝယ်လာပြီး အိမ်ရှေ့မှာထားပေးခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဝယ်ပေးရင်လည်း ဖုန်းဆက်တာဖြစ်ဖြစ်၊ စာပို့တာဖြစ်ဖြစ်လုပ်လေ့ရှိပါတယ်။ ပါဆယ်ထုပ်ကို ဖွင့်ကြည့်လိုက်တော့ ကြက်သားစွပ်ပြုတ်ဗူးတွေ၊ လိမ္မော်ရည်၊ ကွက်ကီးမုန့်တွေအပါအဝင် ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာဖို့ အကူအညီဖြစ်စေတဲ့ပစ္စည်းတွေကို တွေ့ခဲ့ရပါတယ်။ အဲဒီအထဲမှာ စာပို့သမားတစ်ဦးရဲ့စာတစ်စောင်ကိုလည်း တွေ့ခဲ့ရပါတယ်။

အဲဒီစာပို့သမားကတော့ ကိုဗစ်ရောဂါပိုးရှိတယ်ဆိုတာကို လီဆယ်တီသိတဲ့နေ့က စကားပြောခဲ့ဖူးတဲ့အမျိုးသမီးတစ်ဦးပါပဲ။ အဲဒီနေ့က အဲဒီအမျိုးသမီး သူတို့ဆီ စာလာပို့တဲ့အချိန်မှာ သူတို့ကို ထိမိရင် ကိုဗစ်ရောဂါပိုးကူးစက်ခံရမှာဆိုးတဲ့အတွက် စာထည့်ဖို့ အိမ်ရှေ့က တံခါးပေါက်နားမှာ ပုံးတစ်ပုံးချထားပေးမယ်လို့ ပြောခဲ့တာပါ။ လိုအပ်တဲ့ပစ္စည်းတွေနဲ့အတူ မယ်ရီဆိုတဲ့နာမည်နဲ့ ချန်ထားခဲ့တဲ့စာကတော့ “မြန်မြန်နေကောင်းပါစေ။ မင်းတို့အားလုံး အဆင်ပြေတယ်လို့ မျှော်လင့်ပါတယ်”ဆိုတာပါပဲ။ တစ်ခါပဲ စကားပြောခဲ့ဖူးတဲ့သူစိမ်းတစ်ယောက်ရဲ့ရက်ရောတဲ့စေတနာကြောင့် လီဆက်တီက တအံ့တသြဖြစ်သွားခဲ့ရပါတယ်။ အိမ်ရှေ့က CCTV ကို စစ်ကြည့်လိုက်တော့ ပါဆယ်ထုပ်ကို လာထားတဲ့ စာပို့သမားအမျိုးသမီးကို မြင်တွေ့ခဲ့ရပါတယ်။

စာပို့သမားအမျိုးသမီး မယ်ရီက အင်တာဗျူးလက်ခံဖြေကြားခြင်းမရှိပေမဲ့ စာနဲ့ရေးသားထုတ်ပြန်ပေးခဲ့ပါတယ်။ သူက သူ့ကို ရောဂါကူးမှာဆိုးနေတဲ့ လီဆက်တီရဲ့စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အိမ်ရှေ့မှာ လက်ဆောင်ထားပေးခဲ့တာဖြစ်ကြောင်းနဲ့ အခုလို လူသိများသွားဖို့ မမျှော်လင့်ခဲ့ပေမဲ့ နောက်ထပ်အခြားသူတွေကိုလည်း ဒီလိုမျိုး ကူညီပေးသွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။

လီဆက်တီကလည်း သူ့အိမ်ရှေ့မှာ မယ်ရီအတွက် ကျေးဇူးတင်စကားဆိုထားတဲ့စာတစ်စောင်ကို ချန်ထားခဲ့တဲ့အပြင် သူတို့မိသားစု နေပြန်ကောင်းတဲ့အချိန် ဘေးကင်းတဲ့အကွာအဝေးကနေ လူချင်းတွေ့ပြီး ကျေးဇူးတင်စကားပြောဖို့လည်း စီစဉ်ထားပါတယ်။ အခုဆိုရင် လီဆက်တီက ကိုဗစ်ပိုးမရှိတော့ဘူးလို့ အဖြေထွက်ခဲ့ပေမဲ့ သူ့သားတွေအတွက် စစ်ဆေးချက်အဖြေကို စောင့်ဆိုင်းနေကြပါတယ်။

Ref: ABCNews “Mail carrier leaves surprise delivery for single mom battling COVID-19”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top