ကိုဗစ်ကပ်ရောဂါ မပြီးဆုံးသေးလို့ မပေါ့ဆကြဖို့လို

117943427_2546482998996661_581104274907423615_o.jpg

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၇၀ ကျော် တွေ့ရှိခဲ့ပါတယ်။ စစ်တွေမြို့မှာတော့ ကူးစက်မှုအများဆုံးပါပဲ။ စစ်တွေမြို့မှာ ကူးစက်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးက ကူးစက်ပျံ့နှံ့မှု မြန်ဆန်တဲ့ သန္ဓေပြောင်းပိုး ဖြစ်နိုင်တဲ့အတွက် စစ်ဆေးမှုတွေ လုပ်နေပြီး ဒုတိယလှိုင်း ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ သန္ဓေပြောင်းပိုးက မူလပိုးထက် ကူးစက်ပျံ့နှံ့နိုင်စွမ်း ၁၀ ဆ ပိုမြန်တယ်ဆိုတဲ့အချက်က ထိတ်လန့်စရာပါ။

စစ်တွေမြို့မှာ ဒေသတွင်း ကူးစက်မှုတွေ မြင့်တက်လာပြီး ဒုတိယလှိုင်းဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ နှာခေါင်းစည်းဈေးနှုန်းတွေကလည်း ၃ ဆကနေ ၅ ဆအထိ မြင့်တက်သွားခဲ့ပါတယ်။ ပုံမှန်ဆိုရင် နှာခေါင်းစည်းတစ်ဘူးကို ၂၀၀၀၊ ၂၅၀၀ ကျပ်နှုန်း ရောင်းချနေရာကနေ ၇၅၀၀ ကနေ ၁၀၀၀၀ ကျပ်နှုန်းအထိ မြင့်တက်သွားခဲ့တာပါ။ လက်ရှိအခြေအနေကြောင့် အထိတ်တလန့်ဖြစ်ပြီး နှာခေါင်းစည်းတွေ လိုတာထက် ပိုဝယ်ကြတာကို အခွင့်ကောင်းယူပြီး ဈေးတွေ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ နှာခေါင်းစည်းတွေကို ဈေးတင်ရောင်းချဖို့အတွက် သိုလှောင်ထားတာမျိုး မလုပ်ကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတိပေးခဲ့ရပါတယ်။ Panic Buying ဖြစ်ရင် မလိုလားအပ်ဘဲ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်ဆိုတာကို ပြန်သတိချပ်ရမှာပါ။ အားလုံးပူးပေါင်းတွန်းလှန်ရမယ့်အချိန်မျိုးမှာ ”ငါ့ဖို့ပဲကြည့်တဲ့” အမြတ်ကြီးစားချင်သူတွေကို အခွင့်အရေးမပေးမိဖို့ လိုပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သတိထားရမယ့် နောက်တစ်ချက်ကတော့ မပေါ့ဆကြဖို့ပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း လူနာသစ်တွေ့ရှိမှု နည်းပါးခဲ့ချိန်မှာ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ သတိမေ့နေသူတွေကို တွေ့ရပါတယ်။ ဒီအချိန်က ပေါ့ဆလို့ မရသေးပါဘူး။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနိုင်ငံတွေမှာတော့ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေဆဲဖြစ်ပြီး ဥရောပနိုင်ငံတွေမှာတော့ ကူးစက်မှုနှုန်း နည်းပါးသွားရာကနေ တစ်ကျော့ပြန် မြင့်တက်လာတာကို တွေ့ရပါတယ်။ ၉၉ ရက်ကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့တဲ့ ဗီယက်နမ်၊ ၁၀၂ ရက်ကြာ ပြည်တွင်းကူးစက်မှုမရှိခဲ့တဲ့ နယူးဇီလန်နိုင်ငံတွေမှာ တစ်ကျော့ပြန် ကူးစက်မှုတွေ ဖြစ်ပွားနေတာကို ကြည့်လိုက်ရင် ရောဂါကူးစက်မှု ကျသွားရုံနဲ့ ပေါ့ဆလို့ မရဘူးဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာပါ။

အဲဒီအတွက် မလိုအပ်ဘဲ အိမ်ပြင်ထွက်တာမျိုးကို ရှောင်ကျဉ်ကြဖို့ လိုအပ်သလို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကိုလည်း မပျက်မကွက် လိုက်နာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နှာခေါင်းစည်းတပ်ကြပါဦး၊ လက်ဆေးကြပါဦး၊ ဖြစ်နိုင်သမျှ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေပေးကြပါဦး။ (ဘတ်စ်ကားပေါ်မှာ၊ ဘတ်စ်ကားဂိတ်တွေမှာလည်း နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်တာ၊ ကားစီးခွင့်မပေးတာ၊ စုပြုံတိုးဝှေ့နေတာမျိုး မဖြစ်အောင် ကန့်သတ်ချက်စည်းမျဉ်းလေးတွေ ထုတ်ပြန်ပေးဖို့လည်း တာဝန်ရှိသူတွေကို တိုက်တွန်းပါရစေ)။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top