ရွေးကောက်ပွဲ၊ ဒီမိုကရေစီနှင့် နိုင်ငံသားတစ်ယောက်ရဲ့ ရွေးချယ်ခွင့်

3-8-2020-yyl-01.jpg

၂၀၂၀ ပြည့်နှစ် အထွေထွေ‌ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၉၀ ကျော်ပဲ လိုပါတော့တယ်။ အထွေထွေရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်တွေ ရွေးချယ်နေကြပြီး မဲဆန္ဒရှင်ပြည်သူတွေကလည်း ဘယ်ကိုယ်စားလှယ်ကို မဲပေးမလဲဆိုတာ စဉ်းစားရွေးချယ်နေကြပါပြီ။ ပြည်သူလူထုကို ဗဟိုပြုတဲ့ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေကို မဖြစ်မနေကျင်းပပေးရပြီး မဲဆန္ဒရှင်တွေက သူတို့ရဲ့ဆန္ဒအတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ခွင့် ရကြပါတယ်။ အဲဒီအတွက် ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးအောင် အလေးထားရပါတယ်။ မဲပေးခွင့်ရှိသူစာရင်း ထုတ်ပြန်ခတဲ့အခါ ကိုယ့်နာမည်ပါလား၊ အချက်အလက်တွေ မှန်ကန်လားဆိုတာ သွားရောက်စစ်ဆေးကြရပါတယ်။

ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးဘူးဆိုတဲ့ (No Vote) လူတွေလည်း ရှိနေပါတယ်။ ဒါကတော့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းလာတာကနေ ပေါ်ပေါက်လာတဲ့ အခြေအနေတစ်ရပ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးဖို့လိုအပ်ပေမဲ့ ဆန္ဒမဲမပေးချင်ဘူးဆိုရင်လည်း မပေးဘဲနေပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (လူတစ်ဦးချင်းစီ ကိုယ့်ဆန္ဒနဲ့ကိုယ် မဲမပေးတာဟာ သူတို့ရဲ့အခွင့်အရေးဖြစ်ပေမဲ့ မဲမပေးဖို့ စည်းရုံးလှုပ်ရှားရင်တော့ ရွေးကောက်ပွဲဥပဒေအရ အရေးယူနိုင်ပါတယ်) ဒါဟာ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်ပါတယ်။ မဲမပေးချင်ဘူးဆိုတဲ့သူတွေ မဲပေးချင်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကတော့ နိုင်ငံရေးသမားတွေ စဉ်းစားအဖြေရှာဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုပါပဲ။

No Vote သမားတွေကို စွပ်စွဲ၊ ပြစ်တင်၊ ဝေဖန်တိုက်ခိုက်နေရုံနဲ့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ No Vote သမားတွေကို Go Vote ဖြစ်အောင် ဘယ်အချက်တွေ၊ ဘယ်အခင်းအကျင်းတွေကို ပြင်ဆင်ပေးဖို့လိုသလဲဆိုတာ စဉ်းစားကြရမှာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ မဲပေးခွင့်ရသူရဲ့ ဘယ်လောက်ရာခိုင်နှုန်း လာရောက်မဲပေးကြတယ်ဆိုတာကို ထုတ်ပြန်လေ့ရှိပါတယ်။ ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူ (Turnout) များလေလေ၊ သူတို့နိုင်ငံရဲ့ နိုင်ငံရေးကို နိုင်ငံသားတွေ စိတ်ဝင်တစားရှိတယ်လို့ ဂုဏ်ယူဝံ့ကြွားလေ့ရှိကြပါတယ်။

လွှတ်တော်အမတ်တွေကို ပြည်သူလူထုကိုယ်တိုင်ရွေးချယ်ခွင့်ရတဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဆိုရမှာပါ။ ဒီမိုကရေစီစနစ် ရှင်သန်အားကောင်း ခိုင်မာဖို့ဆိုရင်လည်း ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးကို နိုင်ငံသားတိုင်း စိတ်ပါဝင်စားဖို့ လိုအပ်ပါတယ်။ ဒီလို အပြန်အလှန် သက်ရောက်မှုရှိနေတဲ့ အခြေအနေမှာ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးကို နိုင်ငံသားတိုင်း စိတ်ပါဝင်စားလာအောင် နိုင်ငံရေးသမားတွေ လုပ်ဆောင်ကြဖို့ အချိန်တန်ပြီလို့ပဲ တိုက်တွန်းပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top