လက်နက်မဲ့ လူမည်းအမျိုးသားကို ကလေးတွေရှေ့မှာ ပစ်ခတ်ဖမ်းဆီး ခဲ့လို့ အဓိကရုဏ်းဖြစ်ပွား

26-8-2020-yyl-002.jpg

လက်နက်မဲ့ လူမည်းအမျိုးသားတစ်ယောက်ကို သူ့ကလေးတွေရှေ့မှာပဲ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ်မှာ ၂ ညဆက်တိုက် အဓိကရုဏ်း ဖြစ်ပွားနေပြီး ဆန္ဒပြသူတွေက အဆောက်အအုံတွေ၊ ကားတွေကို မီးတင်ရှို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက ကီနိုရှာမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

အစောပိုင်းမှာ ရဲအရာရှိတွေနဲ့ လူမည်းအမျိုးသား ဂျေကော့ဘလိတ်တို့ လုံးထွေးနေရင်း ရဲအရာရှိက လက်သီးနဲ့ထိုးပြီး ကျင်စက်နဲ့တိုခဲ့တယ်လို့ ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ထားသူ ရေးရှောင်ဝှိုက်က ပြောပါတယ်။ ရဲအရာရှိတွေက ဂျေကော့ဘလိတ်ကို သေနတ်နဲ့ချိန်ပြီး ကားနောက်ခန်းကို သွားခိုင်းနေတုန်း ဂျေကော့ဘလိတ်က ဒရိုင်ဘာထိုင်ခုံဆီ ဝင်ထိုင်လိုက်ချိန်မှာ သေနတ်သံ ၇ ချက်ထွက်လာခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်ပွားချိန်က ကားနောက်ခန်းထဲမှာ ဂျေကော့ဘလိတ်ရဲ့ ကလေး ၃ ယောက်လည်း ရှိနေပြီး အသက် ၃ နှစ်၊ ၅ နှစ်၊ ၈ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ ဒီဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ ကြည့်ရှုမှုအကြိမ်ရေ သန်းချီရှိခဲ့ပါတယ်။

ပစ်ခတ်မှုအပြီးမှာ ရဲအရာရှိတွေက ဂျေကော့ဘလိတ်ကို ပြုစုစောင့်ရှောက်ခဲ့ပြီး အရေးပေါ်အခြေအနေမျိုးနဲ့ ဆေးရုံတင်ပို့ခဲ့တယ်လို့ ကီနိုရှာရဲစခန်းက ထုတ်ပြန်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်က ဂျေကော့ဘလိတ်နဲ့ အနီးဆုံးနေရာမှာ လူဖြူရဲအရာရှိ ၂ ယောက် ရှိနေတာ တွေ့ရပါတယ်။ အိမ်တွင်းရေး ပဋိပက္ခတစ်ရပ်ကို တုံ့ပြန်လှုပ်ရှားချိန်မှာ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုခဲ့ပေမဲ့ ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြပါဘူး။ အဲဒီဖြစ်ရပ်အတွက် ရဲအရာရှိနှစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ အချက်အလက်အားလုံး အပြည့်အစုံ မသိရသေးခင် တရားသေကောက်ချက် မချကြဖို့ ရဲတပ်ဖွဲ့သမဂ္ဂက ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။

ဂျေကော့ဘလိတ်က အိမ်တွင်းပဋိပက္ခကို ကြားဝင်ဖျန်ဖြေပေးခဲ့တာဖြစ်တယ်လို့ သူတို့မိသားစုကို ကိုယ်စားပြုပေးမယ့် ပြည်သူ့အခွင့်အရေးရှေ့နေ ဘင်ခရမ့်က ပြောပါတယ်။ ဘင်ခရမ့်ဟာ လူဖြူရဲအရာရှိကြောင့် သေဆုံးခဲ့ရတဲ့ ဂျော့ဖလွိုက်ရဲ့ မိသားစုကို ကိုယ်စားပြုနေတဲ့ ရှေ့နေပါ။ လုံခြုံရေးအစောင့်အကြပ်အဖြစ် အလုပ်လုပ်တဲ့ ဂျေကော့ဘလိတ်ဟာ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးအခြေအနေ စိတ်ချရပြီလို့ ဆိုပါတယ်။ အဓိကရုဏ်းဖြစ်ရပ်ကြောင့် ဒေသခံရဲတပ်ဖွဲ့ကို အားဖြည့်ကူညီပေးဖို့အတွက် ဝစ္စကိုဆင်ပြည်နယ်အုပ်ချုပ်ရေးမှူး တိုနီအီဗာက အမျိုးသားသက်စောင့်တပ်ဖွဲ့ကို ခေါ်ယူထားပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်မှာ ရဲအရာရှိက ဇက်ကို ဒူးနဲ့ဖိထားခဲ့လို့ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး၊ ရဲတပ်ဖွဲ့ရဲ့ အလွန်အကျွံ အင်အားသုံးမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကီနိုရှာမြို့မှာ ည ၈ နာရီကနေ နံနက် ၇ နာရီအထိ အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ ဆန္ဒပြသူတချို့က အမိန့်ကိုဖီဆန်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မန်ဟတ်တန်၊ ဝါရှင်တန်ဒီစီ၊ မင်နီယာပိုလစ်မြို့ စတဲ့ နေရာတွေ အပါအဝင် အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ အခြားဒေသတွေမှာလည်း ဆန္ဒပြသူတွေက ချီတက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: CNN & BBC ” Kenosha becomes center of nationwide protests after police shoot Black man in front of his children”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top