COVID-19 ကြောင့် သေမင်းတံခါးဝကနေ လွှတ်မြောက်လာခဲ့သူရဲ့ Mask တပ်ဖို့သတိပေးမှု

11-7-2020-yyl-011.jpg

ကပ်ရောဂါအတွင်းမှာ အစိုးရအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးအဖွဲ့တွေက Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါဆိုတာတွေက အလကားပြောနေတာမဟုတ်ပါဘူးနော်။ ပြည်သူတွေရဲ့ကျန်းမာရေးအတွက်ပြောနေရတာပါ။ Mask တပ်ရတာက အပန်းကြီးတဲ့ကိစ္စမရှိတဲ့အတွက် Mask တပ်သင့်ပါတယ်နော်။ တက္ကဆပ်ပြည်နယ်က အသက် (၂၄) နှစ်အရွယ် ပေါလာ ကတ်စတီလို ဆိုတဲ့ ကောင်မလေးဆိုရင်လည်း သူ့သာ ကိုဗစ်လမ်းညွှန်ချက်တွေကို လိုက်နာပြီး Mask တပ်ခဲ့မယ်ဆိုရင် အခုလိုရောဂါကူးစက်ခံရမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ ပေါလာ ကတ်စတီလိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့အတွက် ဧပြီလကုန်မှာ ဆေးရုံတက်ခဲ့ရပါတယ်။ (၇၉) ရက်ကြာ ဆေးရုံတက်ပြီးတဲ့နောက်မှာတော့ ဆေးရုံက ဆင်းခွင့်ရခဲ့ပါပြီ။ သူဟာ ဆေးရုံတက်နေရတဲ့အချိန်အတွင်းမှာ သေမင်းတံခါးဝအထိရောက်ခဲ့ရတယ်လို့ ဆေးရုံက ပြောပါတယ်။

ပေါလာက အသက်ရှုရခက်ခဲတဲ့၊ ချောင်းဆိုးတဲ့၊ အဖျားရှိတဲ့လက္ခဏာရပ်တွေနဲ့ ဧပြီလ ၂၇ ရက်နေ့မှာ အရေးပေါ်အခန်းကို ရောက်ခဲ့ရပါတယ်။ သူဟာ ဆေးရုံမတက်ခင်က ရောဂါလက္ခဏာတွေကို (၆) ရက် ကြုံတွေ့ခံစားခဲ့ရပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးတဲ့နောက်မှာ ဘယ်လိုမှမခံနိုင်တော့ဘဲ အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ်။ သူ့လက္ခဏာရပ်တွေက တဖြည်းဖြည်းနဲ့ ဆိုးရွားခဲ့ပြီး Medical City North Hills ဆေးရုံမှာ (၂၄) နာရီအတွင်း အသက်ရှုစက်နဲ့ ထားခဲ့ရတယ်”လို့ ဆေးရုံအရ သိရပါတယ်။

ပေါလာက တစ်လကျော်တဲ့အထိ အသက်ရှုစက်တပ်ထားတာကို မဖြုတ်ခဲ့ရပါဘူး။ “ကျွန်မ အလင်းရောင်တစ်ခုကို မြင်ခဲ့တယ်။ အဲဒီအလင်းရောင်က ကျွန်မကို နိုးထဖို့ အချိန်တန်ပြီလို့ ပြောနေတဲ့ ဘုရားသခင်ပါပဲ”လို့ ပေါလာက ထူထူထောင်ထောင်ဖြစ်လာချိန်မှာ ပြောပါတယ်။ ဆေးရုံထဲမှာ (၆၇) ရက်ကြာ နေပြီးတဲ့နောက်မှာ အပြင်ကို ထွက်ခွင့်ရခဲ့ပါတယ်။ သူက အသက်ရှုစက်ကို ဖြုတ်ပြီးနောက်မှာ စကားပြောနိုင်လာပြီး အစာစားနိုင်လာတဲ့အပြင် လမ်းလျှောက်နိုင်စွမ်းလည်းရှိလာခဲ့ပါတယ်။

ပေါလာက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေရှိပြီးကတည်းက ဆေးရုံကဆင်းရမယ့် လမ်းစပျောက်ခဲ့ပါတယ်လို့ ဆေးရုံက ပြောပါတယ်။ ဆေးရုံဝန်ထမ်းတွေက မယုံနိုင်လောက်အောင် ရောဂါကို တွန်းလှန်ပြီး ပြန်ကောင်းလာတဲ့အတွက် ပေါလာကို ဂုဏ်ပြုခဲ့ကြပါတယ်။ ပေါလာက ဗိုင်းရပ်စ်ကူးစက်ခံရမယ်လို့ မတွေးမိခဲ့ဘူးလို့ ပြောပါတယ်။ “ကျွန်မသာ လမ်းညွှန်ချက်တွေကို နားထောင်ပြီး Mask ဝတ်ခဲ့မယ်ဆိုရင် ဒီရောဂါကို ရှောင်နိုင်ခဲ့မှာပါ။ ကျွန်မ ဘဏ်မှာ အလုပ်လုပ်တယ်။ လူတွေနဲ့ အမြဲဆက်ဆံရတယ်။ ဒါပေမဲ့ ကျွန်မ ဘာမှမဖြစ်နိုင်ဘူး အဆင်ပြေတယ်လို့ပဲ ခံစားခဲ့ရပါတယ်။ ကျွန်မ ရောဂါကူးစက်ခံရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး”လို့ ပေါလာက ဆိုပါတယ်။

Medical City North Hills က ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ဟီတယ် ရီနာက ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပေါလာလို ငယ်ရွယ်တဲ့ လူနာတွေပိုပိုပြီးများလာတာ တွေ့နေရတယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့တွေ အရေးပေါ်အခြေအနေတွေမြင်တွေ့ခဲ့ရပါတယ်။ ဆေးရုံမှာ ပေါလာလိုအခြေအနေမျိုးနဲ့ သေဆုံးသွားတဲ့ လူနာတော်တော်များများကို တွေ့ခဲ့ရပါတယ်”လို့ ဒေါက်တာ ဟီတယ်က ပြောပါတယ်။ ဆေးရုံက ဝန်ထမ်းတွေလည်း စိုးရိမ်ပူပန်နေရပေမယ့် ပေါလာပြန်လည်ကောင်းမွန်လာတာက သူတို့အတွက် မျှော်လင့်ချက်ဖြစ်ခဲ့ပါတယ်။

Ref: CBS “24-year-old coronavirus “miracle patient” who was “close to death” leaves hospital after 79 days”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top