ပင်လယ်ငှက်ငယ်ရဲ့ ကမ္ဘာနှစ်ပတ်စာ ခရီးစဉ်

birth3.jpg

အာတိတ်ဒေသမှာ သားပေါက်တဲ့ ပင်လယ်ငှက်ငယ် (Arctic Tern) တစ်ကောင်ဟာ ကမ္ဘာဂြိုလ်ကို စက်ဝိုင်းပတ် ပုံစံအတိုင်း နှစ်ပတ် ပတ်လို့ရတဲ့ အကွာအဝေး ပျံသန်းပြီး အရှည်ကြာဆုံး ခရီးစဉ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ အဲဒီ ပင်လယ်ငှက်ငယ်ဟာ iPhone တစ်လုံးရဲ့ အလေးချိန်ထက် ပေါ့ပါးပြီး ခန္ဓာကိုယ် အလေးချိန် ၁၀၀ ဂရမ်သာ ရှိပါတယ်။

အဲဒီ ပင်လယ်ငှက်ငယ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ သားပေါက်ရာ ဒေသဖြစ်တဲ့ ဗြိတိန်နိုင်ငံ Farne ကျွန်းစုကနေ စတင်ပျံသန်းခဲ့ပြီး ၄လ ကြာချိန်မှာတော့ ဆောင်းခိုရာ ဒေသ အန္တာတိကတိုက်ကို ရောက်ရှိခဲ့ပါတယ်။ ဆောင်းခိုပြီး တဲ့နောက် သားပေါက်ရာနေရာကို ပြန်လာခဲ့တဲ့ ပင်လယ်ငှက်ငယ်ရဲ့ ခရီးမိုင် အကွာအဝေးက ၅၉,၆၅၀ မိုင်ရှိပြီး ဒီအကွာအဝေးက ကမ္ဘာကို စက်ဝိုင်းပတ် ပုံစံအတိုင်း နှစ်ပတ်ပတ်လို့ ရပါတယ်။ (ကမ္ဘာရဲ့ စက်ဝိုင်းပတ်ပုံစံ အကွာအဝေးက ၂၄,၉၀၁ မိုင်ရှိပါတယ်)။

BBC သတင်းဌာနရဲ့ Springwatch အစီအစဉ်အရ နယူးကာဆယ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ပင်လယ် ငှက်ငယ်ရဲ့ခြေထောက်မှာ ခြေရာခံ ကိရိယာ တပ်ဆပ်ပြီး သူတို့ရဲ့ ပျံသန်းမှုကို စောင့်ကြည့်ခဲ့တာပါ။ ခြေရာခံကိရိယာက ၀.၇ ဂရမ်ပဲ လေးလံတာကြောင့် ပင်လယ်ငှက်ငယ်ရဲ့ ပျံသန်းမှုကို အနှောင့်အယှက် မဖြစ်စေနိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က သိပ္ပံပညာရှင်တွေ ခြေရာခံကိရိယာ တပ်ဆင်ပေးခဲ့တဲ့ ပင်လယ်ငှက်ငယ် ၂၉ ကောင်အနက် အခုချိန်မှာ ၁၆ ကောင်ကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ထပ် ပင်လယ်ငှက် လေးကောင်ကိုလည်း တွေ့နေရပြီလို့ သိရပါတယ်။ ခြေရာခံကိရိယာရဲ့ မှတ်တမ်း အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာမှု ထပ်လုပ်ပြီးရင် သားပေါက်ရာကနေ ဆောင်းခိုရာကို ပျံသန်းတဲ့ ခရီးစဉ်အတွက် ပင်လယ်ငှက်ငယ်တွေ ဘယ်လိုစုရုံးကြတယ်၊ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် သူတို့ရဲ့ ပျံသန်းမှုလမ်းကြောင်းကို ဘယ်လို ထိခိုက်စေတယ်ဆိုတဲ့ အချက်တွေကို သိနားလည်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top