အီရန်ဘက်က စိတ်လျှော့သွားပုံပေါ်တယ်လို့ ဒေါ်နယ်ထရမ့် ပြော

yyl-020-2.jpg

အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ စခန်းချနေတဲ့ လေတပ်စခန်းတွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာ အီရန်နိုင်ငံဘက်က စိတ်လျှော့သွားဖွယ်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းမှာ အာဘီနဲ့ အယ်အာဆတ် လေတပ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရပေမဲ့ အမေရိကန်နဲ့ အီရတ်နိုင်ငံသား တစ်ယောက်မျှ သေဆုံးခဲ့ခြင်းမရှိသလို ထိခိုက်ပျက်စီးမှု နည်းနည်းပဲရှိခဲ့တယ်လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က အီရတ်နိုင်ငံမှာ အမေရိကန်မောင်းသူမဲ့ယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ သေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့ အီရန်နိုင်ငံက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုက အမေရိကန်နိုင်ငံအတွက် မျက်နှာကို ဖြတ်ရိုက်ခံရသလို ဖြစ်နေလိမ့်မယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီက ပြောခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ထားမှုကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ မနေ့ညက အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပါဘူး။ အီရန်ဘက်က စိတ်လျှော့သွားပုံပါပဲ။ ဒါက သက်ဆိုင်ရာနိုင်ငံအားလုံးအတွက် ကောင်းတဲ့ကိစ္စပါ။ စစ်ရေးရော၊ စီးပွားရေးပါ တောင့်တင်းတဲ့ အမေရိကန်နိုင်ငံရဲ့အင်အားက အကောင်းဆုံးဖျက်လက်နက်ပဲ’’လို့ ဒေါ်နယ်ထရမ့်က ဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းကလည်း အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရဲ့ လုံခြုံရေးတင်းကျပ်တဲ့ Green Zone ထဲကို အနည်းဆုံး ဒုံးကျည်နှစ်စင်း ကျရောက်ခဲ့ပါတယ်။ အမေရိကန်သံရုံးတည်ရှိတဲ့ Green Zone ထဲကို ဒုံးကျည်တွေ ကျရောက်ခဲ့ပေမဲ့ လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top