ရာသီဥတုပူပြင်းလာပြီး တောမီးခြိမ်းခြောက်မှု ထပ်ရှိလာလို့ သြစတြေးလျမှာ သတိပေးချက်သစ်တွေ ထုတ်ပြန်ထား

yyl-021-1.jpg

ရာသီဥတု တစ်ကျော့ပြန်ပူပြင်းလာပြီး မြို့တော်တော်များများကို တောမီးလောင်ကျွမ်းမှု အကြီးအကျယ် ခြိမ်းခြောက်နေတဲ့အတွက် သြစတြေးလျနိုင်ငံအရှေ့တောင်ပိုင်းတစ်လျှောက်မှာ အာဏာပိုင်တွေက သတိပေးချက်အသစ်တွေ၊ ရွှေ့ပြောင်းမိန့်အသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက သဘာဝကပ်ဘေးဆိုက်မှုအဆင့် သတိပေးချက် ထုတ်ပြန်ထားတဲ့ ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဒေသအများအပြားမှာ သတိပေးချက်ကို ၄၈ နာရီ တိုးမြှင့်ခဲ့ပါတယ်။ အန ္တရာယ်ရှိတဲ့ဇုန်တွေမှာ နေထိုင်သူတွေအနေနဲ့ ဘေးမသီရန်မခဘဲ ထွက်ခွာသွားနိုင်မယ်ဆိုရင် ထွက်ခွာကြဖို့ အကြံပြုထားပါတယ်။

“သိပ်မကြာသေးခင်က မိုးရွာလိုက်လို့ စိတ်အေးလက်အေး မနေကြပါနဲ့။ တောမီးက ကူးစက်လောင်ကျွမ်းပြီး ကြီးထွားနေတုန်းပါပဲ။ လူနေပတ်ဝန်းကျင်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတုန်းပါပဲ’’လို့ ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဌာန ဝန်ကြီး လီဆာနဗီးလ်က ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးကြီးဟာ တောင်ကိုရီးယားနိုင်ငံစာ အရွယ်အစားရှိတဲ့ မြေဧက ၂၅.၅ သန်းကျော် လောင်ကျွမ်းဝါးမျိုခဲ့ပြီး လူထောင်ချီကို အိမ်ခြေမဲ့ဖြစ်စေခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း သြစတြေးလျနိုင်ငံမှာ မိုးခေါင်ရေရှားခဲ့လို့ သစ်တော တော်တော်များများ မီးလောင်ခံရဖွယ် လွယ်ကူတဲ့ အခြေအနေဖြစ်ခဲ့ပြီး အခုလို တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာလို့ သုံးသပ်ထားပါတယ်။ မြို့တော်တော်များများမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပြီး သောက်ရေလည်း နည်းပါးနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top