သြစတြေးလျနိုင်ငံမှာ တောမီးလောင်ကျွမ်းလို့ တိရစ္ဆာန်အကောင်ရေ သန်း ၄၈၀ လောက် သေဆုံး

Y33.jpg

အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ သြစတြေးလျ တောမီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန်အကောင်ရေ သန်း ၄၈၀ လောက် သေဆုံးခဲ့ရဖွယ်ရှိတယ်လို့ ဆစ်ဒနီတက္ကသိုလ်ရဲ့ ဂေဟဗေဒပါမောက္ခ ခရစ်ဒစ်ခ်မန်း(Chris Dickman)က ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း နယူးဆောက်ဝေးလ်ပြည်နယ်မှာ မြေနေရာ ဟက်တာဧက (၃)သန်းကျော် လောင်ကျွမ်းခဲ့ပြီး မီးတောက်မီးလျှံတွေကြောင့် တိုက်ရိုက် ဒါမှမဟုတ် တစ်ဆင့်ခံသက်ရောက်လို့ နို့တိုက်သတ္တဝါ၊ ငှက်နဲ့ တွားသွားသတ္တဝါ သန်း ၄၈၀ သေဆုံးခဲ့ပါတယ်။

တောမီးလောင်ကျွမ်းမှုမှာ ကိုအာလာဝက်ဝံ(Koala)တွေကို ကယ်တင်နိုင်ခဲ့ပေမဲ့ သူတို့ကို ထိန်းသိမ်းထားရင် ဒါမှမဟုတ် တောထဲကို ပြန်လွှတ်ပေးရင် ရှင်သန်နိုင်ဖို့ အခက်အခဲကြုံမှာကို ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ ” တချို့အရာတွေကို ပြန်ရတော့မှာမဟုတ်ပါဘူး။ ဒေသမျိုးစိတ် တိရစ္ဆာန်ဘီလျံဝက်လောက် ဆုံးရှုံးခဲ့ရတယ်။ တချို့နေရာတွေမှာ ကိုအာလာဝက်ဝံတွေ မျိုးသုဉ်းသွားပြီလို့ ဆိုနိုင်ပါတယ်”လို့ ခရစ်ဒစ်ခ်မန်းက ပြောပါတယ်။

ကိုအာလာဝက်ဝံတွေ ကျက်စားရာဒေသ မီးလောင်ပျက်စီးခဲ့လို့ နောက်မျိုးဆက်တွေအနေနဲ့ မျိုးပွားနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရမှာပါ။ အထူးသဖြင့် တောမီးလောင်ကျွမ်းမှု အကြီးအကျယ်ခံစားခဲ့ရတဲ့ နယူးဆောက်ဝေးလ်ပြည်နယ်မှာ အဲဒီလိုအခြေအနေ ကြုံရဖို့ ရှိပါတယ်။ ”မီးလောင်ကျွမ်းလို့ ကိုအာလာဝက်ဝံတော်တော်များများ သေကြမှာပါ။ တကယ်လို့ မီးဘေးကနေ ရှင်သန်လွတ်မြောက်ခဲ့ရင်လည်း အစာရေစာ ငတ်ပြတ်မှုနဲ့ ခွေးတွေ လိုက်ခံရလို့ တစ်ဆင့်ခံ သက်ရောက်မှု ကြုံရနိုင်ပါတယ်။ သူတို့ကို အချိန်ကြာကြာ ထိန်းသိမ်းထားပြီး ကျန်းမာရေးကောင်းအောင် စောင့်ရှောက်ပေးဖို့ မလွယ်ပါဘူး”လို့ ပါမောက္ခ ခရစ်ဒစ်ခ်မန်းက ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလမှာ တောမီးစတင်လောင်ကျွမ်းခဲ့ပြီးနောက်ပိုင်း နယူးဆောက်ဝေးလ်ပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ ကိုအာလာဝက်ဝံတွေရဲ့ စားကျက်သုံးပုံ၊ တစ်ပုံ မီးလောင်ပျက်စီးခဲ့ဖွယ်ရှိတယ်လို့ သဘာဝသားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးကောင်စီက ခန့်မှန်းထားပါတယ်။ ကိုအာလာဝက်ဝံတွေဟာ အစားအစာ ချေးများပြီး ယူကလစ်သစ်ရွက်တွေပဲ စားပါတယ်။ ဒါ့အပြင် ကိုအာလာဝက်ဝံတွေဟာ မျိုးဆက် အဆက်ဆက် ကာလရှည်နေထိုင်ခဲ့တဲ့နေရာကနေ တခြားနေရာတစ်ခုကို ပြောင်းရွှေ့လို့ မရပါဘူး။ ကိုအာလာဝက်ဝံတွေဟာ မတူကွဲပြားတဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ လွယ်လွယ်ကူကူ အသားကျတဲ့ တိရစ္ဆာန်တွေမဟုတ်လို့ သူတို့ကို တခြားစားကျက်တစ်ခုထံ ရွှေ့ပြောင်းမယ်ဆိုရင် အလားသဏ္ဍာန်တူတဲ့နေရာ၊ အမျိုးအစားတူတဲ့ သစ်ပင်တွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top