ကပ္ပလီကျွန်းစုရဲ့ ဝေးလံခေါင်သီတဲ့ နေရာမှာနေထိုင်တဲ့ လူရိုင်းမျိုးနွယ်ဝင်တွေ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ

27-8-2020-yyl-013.jpg

အိန္ဒိယနိုင်ငံပိုင် ကပ္ပလီကျွန်းစုရဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာ နေထိုင်တဲ့ လူရိုင်းမျိုးနွယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဂရိတ်တားအန်ဒမန်(Greater Andamanese) လူရိုင်းမျိုးနွယ်ဝင် ၄ ယောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို ပြီးခဲ့တဲ့တစ်ပတ်က စစ်ဆေးတွေ့ရှိခဲ့တာပါ။ ကိုဗစ်-၁၉ လူနာ ၄ ယောက်ထဲမှာ နှစ်ယောက်ကို ဆေးရုံပို့ထားပြီး ကျန် ၂ ယောက်ကိုတော့ စောင့်ရှောက်ရေးစင်တာမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားပါတယ်။

ကျွန်းစုအရှေ့ပိုင်းမှာရှိတဲ့ ကပ္ပလီကျွန်းနဲ့ နီကိုဘားကျွန်းမှာ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၂၉၈၅ ယောက်၊ သေဆုံးသူ ၄၁ယောက် ရှိခဲ့ပါတယ်။ ဂရိတ်တားအန်ဒမန်နိစ် လူရိုင်းမျိုးနွယ်တွေဟာ ကပ္ပလီကျွန်းစုထဲက လူနေထိုင်တဲ့ ကျွန်း ၃၇ ကျွန်းအနက် ကျွန်းတစ်ကျွန်းမှာ နေထိုင်ကြပြီး ၅၃ ယောက်ပဲ ကျန်ရှိပါတော့တယ်။ ကပ္ပလီကျွန်းရဲ့မြို့တော် ပို့တ်ဘလဲမြို့နားမှာရှိတဲ့ ရေလက်ကြားကျွန်းမှာ ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေလို့ ပြီးခဲ့သည့်တစ်ပတ်မှာ ဂရိတ်တားအန်ဒမန်လူရိုင်းမျိုးနွယ်ဝင် ၅၃ ယောက်လုံးကို ရောဂါရှိ၊ မရှိ စစ်ဆေးပေးခဲ့တာဖြစ်ပါတယ်။ ဂရိတ်တားအန်ဒမန် လူရိုင်းမျိုးနွယ် တော်တော်များများဟာ ပို့တ်ဘလဲမြို့နဲ့ ရေလက်ကြားကျွန်းကို ကူးချည်သန်းချည် လုပ်နေကြလို့ ရောဂါပိုးကူးစက်ခံရတာဖြစ်မယ်လို့ ကျန်းမာရေးအရာရှိ ဒေါက်တာရွိုင်းက ပြောပါတယ်။

၁၈၅၀ ပြည့်နှစ်တွေအတွင်း ကပ္ပလီကျွန်းကို ဗြိတိသျှတွေ ကိုလိုနီနယ်ချဲ့ခဲ့တုန်းက ဂရိတ်တားအန်ဒမန်လူရိုင်းမျိုးနွယ်ဝင် ၅၀၀၀ ကျော် ရှိခဲ့ပေမဲ့ နယ်ချဲ့တွေနဲ့အတူ ပါလာတဲ့ ရောဂါပိုးမွှားတွေရဲ့ ရေရှည်သက်ရောက်မှုကြောင့် လူရိုင်းမျိုးနွယ်ဝင်အရေအတွက် လျော့ပါးလာခဲ့တာလို့ လူရိုင်းမျိုးနွယ်တွေ အခွင့်အရေး လှုပ်ရှားပေးနေတဲ့ လန်ဒန်မြို့အခြေစိုက် Survival International အဖွဲ့က ပြောပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဂရိတ်တားအန်ဒမန် ဘာသာစကားတစ်မျိုးကို ပြောတတ်သူတွေထဲမှာ နောက်ဆုံးကျန်ရှိတဲ့ အသက် ၈၅ နှစ်အရွယ် လူရိုင်းအဘိုးအို ဘိုအာစီနီယာ ကွယ်လွန်ခဲ့ပါတယ်။ မနုဿဗေဒပညာရှင်ရဲ့ အိပ်မက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကပ္ပလီကျွန်းဟာ ကမ္ဘာပေါ်မှာ ဘာသာစကား အစုံလင်ဆုံး ဒေသတစ်ခုဖြစ်ပါတယ်။ ကပ္ပလီကျွန်းပေါ်မှာ လူဦးရေကျဆင်းပြီး အထိနာနေတဲ့ လူရိုင်းမျိုးနွယ်ဝင် ၅ မျိုး နေထိုင်ကြပါတယ်။ ဂျာရာဝါ(Jarawas)၊ မြောက်ပိုင်းဆန်တီနယ်၊ ဂရိတ်တားအန်ဒမန်(Great Andamanese)၊ အွန်ဂေ (Onge)၊ ရှောင်ပင် (Shompen) စတဲ့ လူရိုင်းမျိုးနွယ်တွေ ဖြစ်ပါတယ်။

ကပ္ပလီကျွန်းစုမှာ နေထိုင်သူတွေအတွက် ဆေးရုံ ၂ လုံး၊ ကျန်းမာရေးစင်တာ ၃ ခု၊ ကိုဗစ်-၁၉ ရောဂါလူနာတွေကို ကုသရေးအတွက် စောင့်ရှောက်ရေးစင်တာ ၁၀ ခု ရှိပါတယ်။ သူတို့ဒေသဟာ အိန္ဒိယနိုင်ငံမှာ ရောဂါစစ်ဆေးမှု အမြင့်မားဆုံးပြုလုပ်ရာနေရာဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဒဏ်ကို ဘရာဇီး၊ ပီရူးနိုင်ငံတွေမှာရှိတဲ့ လူရိုင်းမျိုးနွယ်တွေလည်း ခံစားခဲ့ရပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အမေဇုန်သစ်တောတစ်ဝိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ လူရိုင်းမျိုးနွယ်ဝင် ၂၈၀ ကျော် ရှိပါတယ်။

Ref: BBC ” India coronavirus: Covid strikes remote Greater Andamanese tribe”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top