မောပန်းပြီးအသက်ရှုမဝခြင်းကို အထိရောက်ဆုံးကုသနိုင်မယ့်နည်းလမ်းများ

12-10-2020-yyl-021.jpg

အသက်ရှုကျပ်တာ၊ အသက်ရှုမဝသလို ခံစားရတာက အရမ်းခံရခက်တဲ့အခြေအနေပါပဲ။ လှေကားထစ်အများကြီးတက်ပြီးတဲ့နောက်မှာ (သို့) ချွဲသလိပ်ကပ်ပြီးဖျားနားတဲ့အခါမျိုးလို မတူညီတဲ့အခြေအနေမျိုးတွေမှာ အသက်ရှုမဝတာကိုကြုံတွေ့ခံစားရနိုင်ပါတယ်။ အသက်ရှုကျပ်တာ၊ အသက်ရှုမဝတာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အသက်ရှုမဝတာက ယာယီဖြစ်နိုင်သလို တချို့ကျန်းမာရေးအခြေအနေကြောင့် ခဏခဏလည်းဖြစ်နိုင်ပါတယ်။ ရောဂါအခြေအနေကြောင့်မဟုတ်ဘဲ တစ်ခါတလေ အသက်ရှုမဝသလို ခံစားရမယ်ဆိုရင် အိမ်မှာပဲ အလွယ်တကူကုသပေးလို့ရပါတယ်။ တစ်ကြိမ်ထက်ပိုပြီး အသက်ရှုကျပ်တာဖြစ်မယ်လို့ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာအကောင်းဆုံးပါပဲ။ လှေကားအတတ်အဆင်းများလို့၊ အလုပ်လုပ်တာများလို့ အသက်ရှုကျပ်တာ၊ အသက်ရှုမဝတာဖြစ်မယ်ဆိုရင် ဒီအိမ်တွင်းနည်းလမ်းတွေနဲ့ ကုသကြည့်လို့ရပါတယ်။

ဘလက်ခ်ကော်ဖီကို သောက်ပေးပါ

ကော်ဖီက လေလမ်းကြောင်းမှာ ရှိတဲ့ ကြွက်သားတင်းရင်းမှုကို လျော့ချပေးနိုင်တဲ့ ကဖင်းဓာတ်ပါဝင်ပါတယ်။ ဒီနည်းက ပန်းနာရင်ကျပ်ရောဂါခံစားနေရတဲ့ သူတွေအတွက် အတော်လေးထိရောက်တယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ ဘလက်ခ်ကော်ဖီက အဆုတ်အားကောင်းစေပြီး အသက်ရှုကျပ်တာ၊ အသက်ရှုမဝတာတွေရဲ့ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့သင်က ဘလက်ခ်ကော်ဖီနဲ့မတည့်ဘူးဆိုရင်တော့ မသောက်ပါနဲ့။

ချင်း (ဂျင်း) ပြုတ်ရည်သောက်ပါ

လတ်ဆတ်တဲ့ချင်း (သို့) ချင်းပြုတ်ရည်ကို သောက်ပေးမယ်ဆိုရင် သင့်ကို စိတ်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ ချင်းက အသက်ရှုလမ်းကြောင်းပိုးဝင်တာကြောင့်ဖြစ်တဲ့ အသက်ရှုကျပ်တာ၊ အသက်ရှုမဝတာတွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒီဆေးဖက်ဝင်အပင်က အဆုတ်ရောင်တာကို လျော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။

နှုတ်ခမ်းစူဝိုင်းပြီး အသက်ရှုထုတ်ပေးပါ

ဒီအသက်ရှုတဲ့နည်းလမ်းကလည်း အသက်ရှုကျပ်တဲ့၊ အသက်ရှုမဝတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ အသက်ပြင်းပြင်းရှုပေးရင်းနဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် အသက်ရှုကျပ်တဲ့ပြဿနာကို သက်သာသွားစေနိုင်ပါတယ်။ သင် လုပ်ရမှာက

  • ခါးဆန့်ပြီး သက်တောင့်သက်သာအနေအထားနဲ့ ကြမ်းပြင် (သို့) ထိုင်ခုံပေါ် ထိုင်ချလိုက်ပါ
  • ပြီးရင် နှုတ်ခမ်းကနေတဆင့် စက္ကန့် (၄-၅) စက္ကန့်လောက် ဖြည်းဖြည်းသာသာလေး အသက်ရှုသွင်းလိုက်ပါ။ သင့်အဆုတ်မှာမဟုတ်ဘဲ သင့်ဝမ်းဗိုက်မှာ လေတွေရောက်အောင် ရှုသွင်းရမှာပါ။
  • အဲဒီနောက် နှုတ်ခမ်းကိုစူဝိုင်းထားပြီး (၄-၆) စက္ကန့်လောက် အသက်ရှုထုတ်လိုက်ပါ။
  • အသက်ရှုမကျပ်တော့ဘဲ နဂိုအခြေအနေပြန်ရောက်သွားဖို့ ဒီနည်းကို (၁၀) ကြိမ်ကနေ အကြိမ် (၂၀) အထိ လုပ်ပေးရပါမယ်။

ရေနွေးငွေ့ရှုရှိုက်ပါ

အအေးမိတဲ့အခါမျိုးမှာ အသက်ရှုမသလို ခံစားရရင် အဆုတ်ထဲမှာ ချွဲ၊သလိပ်တွေဖြစ်တည်နေတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ ချွဲသလိပ်တွေချေဖျက်ပြီး လေလမ်းကြောင်းရှင်းသွားဖို့အတွက် ရေနွေးငွေ့ရှုရှိုက်ပေးလို့ရပါတယ်။

ပန်ကာအနီးနားမှာ ထိုင်ပေးပါ

အေးမြတဲ့လေက အသက်ရှုမဝတဲ့၊ အသက်ရှုကျပ်တဲ့ပြဿနာတွေကနေ သက်သာသွားအောင် ကူညီပေးနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ နေလို့ထိုင်လို့မကောင်းဘဲ အသက်ရှုရခက်တဲ့အခါမျိုးမှာ ပန်ကာ အနီးနားမှာ ထိုင်ပေးပါ။ အသက်ရှုရင်းနဲ့ ပန်ကာလေရဲ့တွန်းအာကို ခံစားရတာက သင့် စိတ်တည်ငြိမ်သွားအောင်ကူညီပေးပြီး အသက်ရှုကျပ်တာကိုလည်း သက်သာသွားစေပါလိမ့်မယ်။

မခံမရပ်နိုင်အောင် အရမ်းအသက်ရှုကျပ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ မြန်မြန်ပြသကြည့်တာအကောင်းဆုံးပါပဲ။

Ref: 5 effective home remedy for shortness of breath

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top