အမျိုးသားအဆိုအဖွဲ့အသစ်ဖွဲ့စည်းမယ့် ပရောဂျက်အတွက် ပူးပေါင်းကြမယ့် ကမ္ဘာကျော်အဆိုတော် Psy နဲ့ J.Y.Park

4-11-2020-yyl-004.jpg

Gangnam Style သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲထင်ကျန်နေစေခဲ့တဲ့ အဆိုတော်၊ တေးရေးဆရာ၊ ထုတ်လုပ်သူ Psy နဲ့ Got7၊ Twice အပါအဝင် ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအဆိုအဖွဲ့တွေကို မွေးထုတ်ပေးနေတဲ့ JYP Entertainmentရဲ့စီအီးအို အဆိုတော် J.Y.Park တို့ဟာ ကေပေါ့စ်အမျိုးသားအဆိုအဖွဲ့အသစ်တစ်ခုကို ဖွဲ့စည်းမယ့် ပရောဂျက်အတွက် ပူးပေါင်းတော့မယ်လို့ သိရပါတယ်။ Psy ရဲ့ အေဂျင်စီ P Nation နဲ့ J.Y.Park တို့ရဲ့ JYP Entertainment တို့က ဒီသတင်းကို မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုအဖွဲ့အသစ်ပရောဂျက်အတွက် ကမ္ဘာတစ်ဝှမ်းက လူငယ်ကောင်လေးတွေက Loud ဆိုတဲ့ အသံစစ်ဆေးယှဉ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီရှိုးအစီအစဉ်ကို တောင်ကိုရီးယားရုပ်သံလိုင်း SBS ကနေ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ Psy နဲ့ J.Y.Park တို့က အဖွဲ့ (၂) ဖွဲ့ခွဲကာ လမ်းညွှန်ပြသသွားမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းက အဆိုအကဝါသနာပါတဲ့သူတွေဟာ သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြထားတဲ့ဗီဒီယိုနဲ့ လျှောက်ထားနိုင်ပါတယ်။ ၂၀၀ဝပြည့်နှစ်မှာ (သို့) ၂၀၀ဝပြည့်နှစ်နောက်မှာ မွေးဖွားတဲ့သူတွေသာ ပြိုင်ပွဲဝင်ရောက်ဖို့ အကျုံးဝင်ပါတယ်။ Show ထုတ်လွှင့်မဲ့ရက်ကိုတော့ ထုတ်ပြောထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်လာတဲ့သူတွေကို ၂၀၂၁ခုနှစ်မှာ အမျိုးသားအဆိုအဖွဲ့အဖြစ် ပွဲဦးထွက်ပေးဖို့စီစဉ်ထားတယ်လို့ SBS အရ သိရပါတယ်။ ဒီပရောဂျက်အသစ်အကြောင်းကို JYP Entertainment ရဲ့ YouTube ချန်နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က Boys be LOUD ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေညာဗီဒီယိုကို တင်ပြီး ကြေညာခဲ့ပါသေးတယ်။

ဟိုအရင်ကတည်းက Psy နဲ့ J.Y.Park တို့ဟာ နာမည်ကြီးအဆိုပြိုင်ပွဲတွေမှာ ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ Psy က ၂၀၁၂ခုနှစ်က Superstar K4 မှာ ဒိုင်လုပ်ခဲ့သလို J.Y.Park ကတော့ K-Pop Star ရှိုးရဲ့ Season မျိုးစုံမှာ ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ HyunA နဲ့ Jessi လို နာမည်ကြီးအနုပညာရှင်တွေက လက်ရှိမှာ Psyရဲ့အေဂျင်စီ P Nation နဲ့ စာချုပ်ချုပ်ထားပေမဲ့ ၂၀၁၉ခုနှစ် P Nation ကို စတည်ထောင်ကတည်းကဆိုရင် ဒါက Psy အတွက် ပထမဆုံးအမျိုးသားအဖွဲ့ပရောဂျက်ဖြစ်ပါတယ်။

Boys be LOUD ကြော်ငြာနမူနာ
https://www.youtube.com/watch?v=ypigyBRfUWM

Ref: AsiaOne “The next BTS? Psy, J.Y. Park team up to launch new boy band project”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top