ဘီလျံနာက တစ်လကို ကန်ဒေါ်လာ ၃၀၀ ထောက်ပံ့ပေးမယ့်အတွက် ဇင်ဘာဘွေဆရာဝန်တွေ သပိတ်လှန်

yyl-021-13.jpg

ခြောက်လတာအတွင်း တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀ ထောက်ပံ့ပေးမယ်ဆိုတဲ့ ဆက်သွယ်ရေးလုပ်ငန်းဘီလျံနာရဲ့ ကမ်းလှမ်းချက်ကို ဇင်ဘာဘွေနိုင်ငံ အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျူနီယာဆရာဝန်တွေက လက်ခံခဲ့ပြီး (၄)လကြာမြင့်တဲ့ သပိတ်ဆင်နွှဲမှုကို အဆုံးသတ်ခဲ့ပါတယ်။ လုပ်ခလစာ နည်းပါးတာ၊ ဆေးဘက်ဆိုင်ရာ ကိရိယာနဲ့ ဆေးဝါးမလုံလောက်လို့ ဆင်းရဲနွမ်းပါးသူတွေ ဆေးကုသခွင့်မရတာ အစရှိတဲ့ အချက်တွေအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ ဂျူနီယာဆရာဝန်တွေက ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်က စပြီး သပိတ်မှောက်ခဲ့ကြတာပါ။

ဇင်ဘာဘွေနိုင်ငံရဲ့ ဂျူနီယာဆရာဝန်တွေဟာ တခြားခံစားခွင့်တွေအပါအဝင် ပျမ်းမျှလစာ အမေရိကန် ဒေါ်လာ ၂၀၀ သာသာပဲ ရပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း ဘီလျံနာ မာဆီယီဝါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သူ့ရဲ့ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Higher Life Foundation ကတစ်ဆင့် သပိတ်မှောက်နေတဲ့ ဂျူနီယာဆရာဝန်တွေအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅.၉ သန်း မတည်ပေးခဲ့ပါတယ်။ အစောပိုင်းမှာ ဆရာဝန်တွေက သူ့ရဲ့ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဒီကမ်းလှမ်းချက်က သူတို့ရဲ့အလိုမကျမှုတွေကို ဖြေရှင်းပေးနိုင်မယ့် အပြီးသတ်အဖြေမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ကာလအတွင်း မာဆီယီဝါရဲ့ ထောက်ပံ့ငွေကို လက်ခံရယူဖို့ သဘောတူညီခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး ဇင်ဘာဘွေနိုင်ငံရဲ့ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ(Econet Wire less)ကို ပိုင်ဆိုင်တဲ့ မာဆီယီဝါဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ကြွယ်ဝချမ်းသာတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် ၂ဝဝဝနီးပါးရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top