အလောင်းရှာပုံတော် ဖွင့်နေရတဲ့ ဘူချာမြို့က သားအဖ ၂ ယောက်

6-4-2022-yyl-43.jpg

၇၂ နှစ်အရွယ် အဘိုးအို ဗိုလိုဒီမာက ရှိစုမဲ့ အင်အားလေးနဲ့ သူ့အိမ်ကို မီးငြှိမ်းဖို့ ကြိုးစားနေရင်း သူ့ကို လာကူပေးဖို့ သားမက်ဖြစ်သူကို အော်ဟစ်အကူအညီတောင်းနေရှာတယ်။ ဗိုလိုဒီမာတို့ မိသားစုက ယူကရိန်းနိုင်ငံ ကိဗ်မြို့ ဆင်ခြေဖုံးမှာရှိတဲ့ ဘူချာမြို့မှာ နေထိုင်သူတွေပါ။ ရုရှားစစ်သားတွေက အိမ်ရှေ့တံခါးကို ချိုးဖျက်ဝင်လာခဲ့ပြီး အိမ်ထဲမှာ သေနတ်နဲ့ပစ်ခတ်တယ်။ ဗိုလိုဒီမာရယ်၊ သမီးဖြစ်သူ အိုင်ရီနာ၊ သမက်ဖြစ်သူ အိုလက်တို့ကို အိမ်ရှေ့ကွက်လပ်ဆီ ဆွဲထုတ်သွားတယ်။ အိုလက်ကိုတော့ စင်္ကြံလမ်းပေါ်အထိ ဆွဲခေါ်သွားတယ်။ ပြီးတော့ အိမ်ထဲကို ဗုံးတစ်လုံး ပစ်သွင်းလို့ နားပင်းလောက်စေတဲ့ ပေါက်ကွဲသံနဲ့အတူ အိမ်မီးလောင်သွားတယ်။ အဲဒီအချိန်မှာ ဗိုလိုဒီမာက မီးသတ်ဖျန်းဆေးဘူးကို ပြေးဆွဲပြီး မီးလျှံတွေကို ငြှိမ်းသတ်ဖို့ အသည်းအသန် ကြိုးစားတယ်။

” အိုလက် ဘယ်ရောက်နေလဲ။ အိုလက်ကို လာကူခိုင်းလိုက်” လို့ ဗိုလိုဒီမာက သမီးဖြစ်သူကို လှမ်းအော်ပြောတယ်။ ” အိုလက်က ခင်ဗျားက လာကူနိုင်တော့မှာ မဟုတ်ဘူး” လို့ ချေချင်းစစ်သားတစ်ယောက်က ပြန်ပြောတယ်။ ခြံဝင်းတံခါးအပြင်ဘက်ရောက်တော့ လဲကျနေတဲ့ အိုလက်ကို သူတို့ တွေ့လိုက်ရတယ်။ ဒူးထောက်ခိုင်းပြီး ခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်သွားခဲ့တာလို့ အိုင်ရီနာက ပြောပါတယ်။ ယာဘလွန်စကာလမ်းထောင့်မှာ နေထိုင်တဲ့ အိုလက်ဟာ သံဂဟေဆော်သူအဖြစ် အသက်မွေးပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူပါ။

” အိုလက် အသတ်ခံလိုက်ရတော့ ရင်ထဲမှာ ဟာသွားသလို ခံစားလိုက်ရတယ်။ ကျွန်တော်လည်း အသက်မရှင်ချင်တော့ဘူး ” လို့ ဗိုလိုဒီမာက ပြောပါတယ်။ ဒါဟာ ဘူချာမြို့မှာ ရုရှားစစ်သားတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဘူချာမြို့မှာ အသတ်ခံရတဲ့ အရပ်သား အနည်းဆုံး ၃၀၀ ရှိတယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ မြို့တော်ဝန် အနာတိုလီဖီဒိုရက်က ပြောပါတယ်။

ရုရှားနိုင်ငံကတော့ ဘူချာမြို့က ရက်ရက်စက်စက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ မီးလောင်ထားတဲ့ ရုရှားတင့်ကားတွေကတော့ ဘူချာမြို့မှာ ပြန့်ကျဲနေပါတယ်။ ဘုရားကျောင်းဝန်းထဲမှာ လူသေအလောင်းတွေရှိနေတဲ့ တွင်းကြီးတစ်တွင်း ရှိနေပါတယ်။ တချို့ရုပ်အလောင်းတွေကို အိတ်အနက်နဲ့ထည့်ထားပြီး တချို့ကိုတော့ သဲထဲမှာ ဒီအတိုင်း မြှုပ်ထားတာပါ။ ဘူချာမြို့ လမ်းတွေပေါ်မှာလည်း ကျည်ပေါက်ရာ ပရဗွဖြစ်နေတဲ့ အိမ်စီးကားတွေ ရှိနေပါတယ်။

ကားတစ်စီးစီပေါ်မှာတော့ အနည်းဆုံး သေဆုံးနေသူတစ်ယောက် ရှိနေပါတယ်။ အိမ်တွေကလည်း ဗုံးကြဲခံထားရပြီး အိမ်ရှေ့ကားလမ်းတွေမှာလည်း တင့်ကားတွေ ရှိနေပါတယ်။ သူတို့ဘက်က ရန်စတာမျိုးမရှိဘဲ ရုရှားစစ်သားတွေက အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဘူချာမြို့ခံတွေက ပြောပါတယ်။ ဘူချာမြို့ကို ရုရှားစစ်သားတွေ ထိန်းချုပ်ထားချိန်မှာ ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ လမ်းတွေပေါ်မှာ ရုပ်အလောင်းတွေ ရှိနေတာ တွေ့ရပါတယ်။
အိုလက်ကို သတ်သွားတဲ့ ရုရှားစစ်သားတွေက တစ်ခွန်းတစ်လေတောင် စစ်ဆေးမေးမြန်းတာမျိုး မရှိခဲ့ဘူးလို့ ဇနီးဖြစ်သူ အိုင်ရီနာက ဆိုပါတယ်။

” သူတို့က အမေးအမြန်းမရှိဘူး။ ဒီအတိုင်း သတ်လိုက်တာ။ အင်္ကျီချွတ်၊ ဒူးထောက်လို့ ပြောပြီး ပစ်သတ်လိုက်တာ” လို့ အိုင်ရီနာက ဆိုပါတယ်။ အိုလက်ရဲ့သွေးစီးကြောင်းက အခုအထိ မြင်နေရဆဲပါ။ အိုင်ရီနာက အိမ်အပြင် ပြေးထွက်လိုက်ချိန်မှာ အိုလက်ရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ရုပ်အလောင်းကို တွေ့လိုက်ရပြီး အလောင်းဘေးမှာတော့ အေးအေးဆေးဆေး ရေသောက်နေတဲ့ ရုရှားစစ်သား ၄ ယောက်ကို တွေ့ရပါတယ်။ အိုင်ရီနာက ” ငါ့ကိုပါ ပစ်လိုက်” လို့ အော်ပြောချိန်မှာ ရုရှားစစ်သားတစ်ယောက်က သေနတ်နဲ့ချိန်လိုက်၊ အောက်ပြန်ချလိုက်နဲ့ အကြိမ်ကြိမ် လုပ်နေခဲ့ပါတယ်။ နောက်ဆုံးမှာ ဗိုလိုဒီမာက သူ့သမီးကို အိမ်ထဲဆွဲခေါ်သွားခဲ့တာပါ။

” ခင်ဗျားတို့ ဒီနေရာကနေ ထွက်သွားဖို့ ၃ မိနစ် အချိန်ရမယ်လို့ အဲဒီစစ်သားတွေက ပြောတယ်။ ကျွန်တော်တို့က ခြေညှပ်ဖိနပ်ပါးနဲ့ ထွက်ပြေးလာခဲ့ရတာပါ။ ဘူချာမြို့မှာ ကမ္ဘာပျက်နေတဲ့အတိုင်းပါပဲ။ နေရာအနှံ့မှာ အလောင်းတွေချည်းပဲ။ လမ်းတွေမှာလည်း မီးခိုးတွေထွက်နေတယ်” လို့ ဗိုလိုဒီမာက ပြောပါတယ်။ ဗိုလိုဒီမာနဲ့ အိုင်ရီနာတို့ဟာ မတတ်သာတဲ့အဆုံးမှာတော့ လမ်းပေါ်လဲကျနေတဲ့ အိုလက်ရဲ့ရုပ်အလောင်းကို ဒီအတိုင်းထားခဲ့ရပြီး ထွက်လာခဲ့ရတာပါ။ သူတို့ သားအဖဟာ မလှမ်းမကမ်းမှာရှိတဲ့ အမျိုးတွေအိမ်မှာ တစ်လနီးပါး တည်းခဲ့ရတယ်။ သူတို့အိမ်ကို ပြန်လာလို့ရတဲ့အချိန်မှာတော့ ဗိုလိုဒီမာက စင်္ကြံလမ်းဘေးမှာ တွင်းတူးပြီး သမက်ဖြစ်သူရဲ့ အလောင်းကို မြှုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ မြေမာလွန်းလို့ တွင်းတူးဖို့ အခက်တွေ့ခဲ့သလို ရုရှားစစ်သားတွေရန်ကိုလည်း ကြောက်နေရဆဲဖြစ်လို့ ဗိုလိုဒီမာက အိုလက်ရဲ့အလောင်းကို အိမ်ဝန်းထဲပဲ ရွှေ့ထားခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ယူကရိန်းစစ်သားတွေက အလောင်းကို ဗန်ကားပေါ်တင်ပြီး သယ်သွားခဲ့ကြပါတယ်။ ” အခုတော့ အိုလက်ရဲ့အလောင်းကို ဘယ်လို ပြန်ရှာရမလဲ မသိတော့ပါဘူး” လို့ ဗိုလိုဒီမာက ပြောပါတယ်။

အခုအချိန်မှာ‌တော့ ယူကရိန်းအာဏာပိုင်တွေဟာ ဘူချာမြို့လမ်းပေါ်က ရုပ်အလောင်းတွေကို ရှင်းလင်းနေပါတယ်။ ဒါပေမဲ့ အိမ်ခြံဝင်းတွေထဲ၊ မြေအောက်ခန်းတွေထဲမှာ ရုပ်အလောင်းတွေ ထပ်တွေ့မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ စစ်ရဲ့အနိဋ္ဌာန်ရုံတွေ လွှမ်းခြုံခဲ့ပြီး ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တဲ့ ဘူချာမြို့ကို တစ်ချိန်တုန်းကလို ဆွဲဆောင်မှုရှိတဲ့မြို့အဖြစ် ဘယ်လိုပြန်လည် တည်ဆောက်ရမလဲဆိုတာ မတွေးနိုင်လောက်အောင်ပါပဲ။

ပြီးခဲ့တဲ့အင်္ဂါနေ့က ဘူချာမြို့ရဲ့ လမ်းတစ်လမ်းမှာ မီးလောင်ထားတဲ့ တင့်ကားတွေ စုဝေးနေပြီး အိမ်တိုင်းနီးပါးကလည်း ပျက်စီးနေပါတယ်။ ၈၄ နှစ်အရွယ် အဘိုးအို ဇာမိုဟိုင်ယီကတော့ လမ်းပေါ်က အပျက်အစီးတွေကို ရှင်းလင်းနေပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပျက်အစီးတွေ တောင်ပုံယာပုံပါပဲ။ အဲဒီလမ်းတစ်လျှောက်မှာ မပျက်စီးဘဲ ကျန်ခဲ့တာဆိုလို့ အဘိုးအို ဇာမိုဟိုင်ယီရဲ့အိမ်တစ်လုံးပဲ ကျန်ပါတယ်။

” ဂျာမန်တွေနဲ့တိုက်တဲ့ စစ်ပွဲကို ကျွန်တော် မြင်ခဲ့ဖူးတယ်။ အခုကတော့ ရုရှားတွေနဲ့ တိုက်ရတဲ့စစ်ပွဲပေါ့။ အခု ဒီမှာ မြင်ရတာကတော့ တိရစ္ဆာန်တစ်ကောင်ရဲ့ ရက်စက်မှုအတိုင်းပါပဲ” လို့ ဘူချာမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အင်ဂျင်နီယာဟောင်း ဇာမိုဟိုင်ယီက ဆိုပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ယူကရိန်းသမ္မတ ဇီလင်စကီးမိန့်ခွန်းပြောခဲ့ပါတယ်။ ရုရှားတွေက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဇီလင်စကီးက စွပ်စွဲခဲ့ပြီး နုရင်ဘတ်တရားရုံးမှာ နာဇီတွေကို ရုံးတင်ခဲ့သလိုမျိုး ရုရှားတွေကိုလည်း ရုံးတင်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

” ကျွန်တော်တို့နိုင်ငံအတွက် အမှုထမ်းပေးနေသူတွေကို ရုရှားစစ်တပ်က ရှာဖွေပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ပါတယ်။ သူတို့က တစ်မိသားစုလုံး သတ်တယ်။ အရွယ်ရောက်ပြီးသူတွေရော၊ ကလေးတွေကိုရော သတ်ခဲ့တယ်။ ရုပ်အလောင်းတွေကိုပါ မီးရှို့ပြီး လက်စဖျောက်ဖို့ ကြိုးစားခဲ့ကြတာပါ ” လို့ ဇီလင်စကီးက ပြောပါတယ်။ယူကရိန်းဟာ ဘူချာမြို့နဲ့ အာပင်မြို့မှာ ရုရှားရဲ့ကျူးလွန်မှုတွေကို စစ်ရာဇဝတ်မှုအရ စုံစမ်းစစ်ဆေးမှု စတင်နေပါပြီ။ လက်ရှိအချိန်အထိ အဲဒီမြို့ ၂ မြို့မှာ ရုပ်အလောင်း ၄၁၀ တွေ့ရှိခဲ့ပါတယ်။

အခုအချိန်မှာ ရုရှားတွေ တပ်ဆုတ်သွားလို့ သူတို့စခန်းချသွားတဲ့နေရာတွေကို ရှာဖွေစစ်ဆေးနေပြီဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်တွေ့ရမှာကို စိုးရိမ်နေကြပါတယ်။ ဗိုလိုဒီမာနဲ့ အိုင်ရီနာတို့ကတော့ ရုပ်အလောင်းတစ်လောင်းကို ရှာဖွေနေကြပြီး အဲဒီရုပ်အလောင်း ဘယ်တော့မှ မတွေ့ရတော့မှာကိုလည်း ပူပန်နေကြပါတယ်။ အဲဒီရုပ်အလောင်းကတော့ မိသားစုကို အလေးထားပြီး အေးအေးဆေးဆေး နေလေ့ရှိတဲ့ သံဂဟေသမား အိုလက်ရဲ့ အလောင်းပါပဲ။ အိုလက်ဟာ ကျောရိုးအက်ကွဲနေလို့ သူ့ဘဝတစ်လျှောက်လုံး မသန်စွမ်းဘဝနဲ့ နေခဲ့ရသူပါ။ အိုလက်ရဲ့ နောက်ဆုံးစကားကတော့ ” ငါ့ကို ဘာလို့ သတ်မှာလဲ” ဆိုတာပါပဲ။

Ref: BBC ” Bucha killings: ‘I wish they had killed me too'”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top