ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေကို ကုသနိုင်ဖို့ ဝူဟန်မြို့မှာ ခုတင် ၁၀၀၀ ဆေးရုံကို တက်သုတ်ရိုက် တည်ဆောက်နေ

yyl-020-14.jpg

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေကို ကုသနိုင်ဖို့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ခုတင် ၁၀၀၀ ဆေးရုံသစ်ကို သုတ်ခြေတင် တည်ဆောက်နေပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရလို့ လူ ၂၆ ယောက် သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀၀ ကျော် ရှိနေတယ်လို့ အစိုးရက ကြေညာထားပါတယ်။ အဲဒီအတွက် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်တဲ့ ဟူဘေပြည်နယ်ရဲ့ မြို့ ၁၀ မြို့မှာ ခရီးသွားလာမှုတွေကို ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဒီအတွက် အနည်းဆုံး လူဦးရေ သန်း ၂၀ ကို သက်ရောက်စေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပေမဲ့ နိုင်ငံတကာကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ ကူးစက်ပျံ့နှံ့မှုအဖြစ် ကြေညာခဲ့ခြင်းမရှိပါဘူး။

ဝူဟန်မြို့စွန်မှာရှိတဲ့ ရေကန်နဲ့ ပန်းခြံတွေကို ဒေသခံအလုပ်သမားတွေအတွက် အားလပ်ရက်အပန်းဖြေနေရာ ဆောက်လုပ်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ အခုအခါမှာတော့ အဲဒီနေရာကို ဆေးရုံတည်ဆောက်နေပါတယ်။ ပြီးခဲ့သည့် ကြာသပတေးနေ့က အဲဒီနေရာမှာ မြေတူးစက် ၃၅ စီး၊ ဘူဒိုဇာ ၁၀ စီး အပါအဝင်ဆောက်လုပ်ရေး စက်ကိရိယာတွေ ရောက်ရှိလာခဲ့ပြီး လာမယ့်တနင်္လာနေ့မှာ ဆေးရုံသစ်ဖွင့်လှစ်နိုင်ဖို့ တက်သုတ်ရိုက် ဆောင်ရွက်နေပါတယ်။ ၂၀၀၃ ခုနှစ်က နိုင်ငံပေါင်း ၃၀ နီးပါးကို ပျံ့နှံ့ခဲ့ပြီး လူ ၇၇၄ ဦး သေဆုံးခဲ့တဲ့ SARS ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ချိန်တုန်းကလည်း ဘေဂျင်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ကုသပေးဖို့ ဆေးရုံသစ်တစ်လုံး တက်သုတ်ရိုက် တည်ဆောက်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top