ဓားပြတိုက်သူကို ငိုယို တောင်းပန်သွားစေတဲ့ ဘရာဇီးက အမျိုးသမီး ကိုယ်ခံပညာရှင်

Sabrina-Leites-jiu-jitsu-CREDIT-TV-JORNAL-YOUTUBE-211118-1120.jpg

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘရာဇီးနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဘရာဇီးသူ ဆာဘရီနာ (Sabrina) ဟာ အိမ်ရှေ့အပြင်ဘက်မှာ ထွက်ရပ်နေတုန်း ဆိုင်ကယ်နဲ့လူစိမ်းနှစ်ဦးက ချဉ်းကပ်လာပြီး သူ့ရဲ့ဖုန်းကို ဓားပြတိုက်ဖို့ ကြံပါတယ်။ ဒါပေမယ့် သူတို့အကဲစမ်းမိတဲ့သူက ဆာဘရီနာ ဖြစ်ခဲ့တာတော့ အကြံသမားနှစ်ဦးအတွက် ကံဆိုးခဲ့တဲ့အချက်ပါ။

အဖြစ်က ဒီလိုပါ။ ကြုံသလို ခိုးဆိုးလုနှိုက်နေသူ ဒါဆေးလ်ဗား (Da Silva) ဟာ နေ့ခင်းကြောင်တောင်မှာ မိန်းကလေးမို့ အလွယ်ပစ်မှတ်ထားပြီး ဆာဘရီနာကို ဓားပြတိုက်ဖို့ လုပ်ခဲ့တုန်း ဆာဘရီနာရဲ့ လက်ထဲမှာ ဂျူဂျစ်ဆု လက်မောင်းချုပ်သတ်ကွက်နဲ့ အမှတ်မထင် အတုံ့ပြန်ခံခဲ့ရပါတယ်။ ဒါဆေးလ်ဗား တစ်ကိုယ်လုံး လှုပ်ရှားမရတော့အောင်အထိ ဆာဘရီနာက မှတ်လောက်သားလောက်အောင် ပညာပေးပစ်ခဲ့ပါတယ်။ သူနဲ့ ကြံရာပါတစ်ဦးကတော့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားခဲ့တယ်။

အသက် ၁၈ နှစ်အရွယ် ဒါဆေးလ်ဗားဟာ ဆာဘရီနာရဲ့ လက်မောင်းချုပ်ကွက်အောက်မှာ မိနစ် ၂၀ ကြာ မြေပေါ်မှာချည်း ပြားပြားဝပ်ပြီး အကြိမ်ကြိမ် အသနားခံ၊ တောင်းပန်နေခဲ့ရတယ်။ မေ့မျောမတတ် လူးလှိမ့်ပြီး အော်ဟစ်ငိုနေခဲ့ရတယ်။ တာ၀န်ရှိသူတွေ ရောက်လာချိန်မှသာ ဆာဘရီနာက သူ့ကို ရဲလက်ထဲတန်းပြီးအပ်ခဲ့ပါတယ်။

ဒုစရိုက်မှုတွေ ပေါများလှတဲ့ ကမ္ဘာ့အရပ်တွေမှာ အမျိုးသမီးတွေကို အလွယ်သတ်မှတ်ပြီး အဓိကပစ်မှတ်ထား၊ တိုက်ခိုက်လေ့ရှိပါတယ်။ ဘရာဇီးက ဒုစရိုက်မှု အင်မတန် ထူပြောတဲ့အဆင့်ပါ။ ဒီနေရာမှာ ပြောစရာရှိတာက ဆာဘရီနာ ဖြစ်ပါတယ်။ ဆာဘရီနာရဲ့ မတုန်မလှုပ် ရင်ဆိုင်နိုင်မှုက တကယ် ချီးကျူးစရာဖြစ်တဲ့အပြင် သင်ခန်းစာအနေနဲ့ အတုယူစရာလည်းကောင်းပါတယ်။ တကယ်တမ်းတော့ ဆာဘရီနာဟာ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ဂျူဂျစ်ဆုပညာကို လေ့လာသင်ယူနေသူဖြစ်ပြီး MMA အသတ်အပုတ် အားကစားမှာ ခါးပတ်ဖြူအဆင့် ရရှိထားတဲ့ ကိုယ်ခံပညာရှင်ပါ။

အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ခံပညာနဲ့ ကျွမ်းဝင်မှုရှိနေတာဟာ ဒုစရိုက်မှုဒဏ်နဲ့ ကင်းကွာစေတာ အမှန်ပါပဲ။ ဒါဟာ ဒုစရိုက်မှုမှိုလိုပေါက်နေတဲ့အရပ်က လူတိုင်းအတွက်လည်း လက်တွေ့သုံးဝင်တဲ့ အဖြေလည်းဖြစ်ပါလိမ့်မယ်။

ရုတ်တရက်မှာ အခက်အခဲ၊ အန္တရာယ်တစ်ခု ကိုယ့်မျက်စိရှေ့ဘွားခနဲပေါ်လာမယ်၊ နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်ဖြေရှင်းရင်ဆိုင်နိုင်ဖို့လိုလာမယ်ဆိုရင် ကာယနဲ့ စိတ်ဓာတ် ကြံ့ခိုင်ရေးအတွက်တော့ ကိုယ်ခံပညာက အတော်လေး အထောက်အကူ ဖြစ်စေပါတယ်။ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားနိုင်ဖို့အတွက်ပါ။ ဒါကို ဆာဘရီနာက သက်သေအဖြစ် ပြနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ခုလတ်တလောမှာလည်း ဆာဘရီနာတို့ရပ်ကွက်မှာ အလားတူပုံစံမျိုး ဖုန်းလေးလုံးလောက် အခိုးခံ၊ အလုခံခဲ့ရပြီးဖြစ်တယ်လို့ ဘရားဇီးသတင်းစာ D24AM မှာ ဖော်ပြခဲ့ပါတယ်။ ဒါဆေးလ်ဗားကိုတော့ အချုပ်ထဲထည့်လိုက်ပြီး ဓားပြတိုက်ဖို့ ကြံစည်မှုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။

Ref: Dailymail “Brazilian thief tries to rob a female jiu-jitsu fighter, but ends up crying on the floor”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top