အကျဉ်းကျလူငယ်တွေကို စာသင်ပြပေးရာက တစ်နှစ်တာအမျိုးသားဆရာဆု ရခဲ့တဲ့ ကျောင်းဆရာ

t1.jpg

အသက် (၄၀) အရွယ် ရော့ဒနေးရော်ဘင်ဆင် (Rodney Robinson) ဟာ Richmond လူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖွင့်လှစ်ထားတဲ့ Virgie Binford ပညာရေးစင်တာမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာတစ်ဦးပါ။ သူဟာ ဒီ လူငယ်ထိန်းသိမ်းရေးစခန်းမှာရှိတဲ့ ပြစ်မှုကျူးလွန်မှုနဲ့ ခေတ္တအကျဉ်းချခံရသူ လူငယ်တွေကို (၂၀၁၅) ခုနှစ်ကတည်းက စာသင်ပြပေးလာခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ တစ်နှစ်တာ အမျိုးသားဆရာဆု ကို ချီးမြှင့်ခံခဲ့ရပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ သူ့ဘဝဟာ အမေဖြစ်သူနေထိုင်တဲ့ ဗာဂျီးနီးယားပြည်နယ်၊ ကင်းဝီလျံ စီရင်စု မှာ ကြီးပြင်းလာခဲ့ရတယ်။ ဒီလိုတောရွာအရပ်ဟာ လူမျိုးရေး ခွဲခြားခံရမှုကြုံတွေ့ခဲ့ရတဲ့အပြင် ချို့တဲ့ဆင်းရဲလှတဲ့ ဘဝအခြေအနေကြောင့် အထက်တန်းကျောင်း ပြီးဆုံးမတိုင်နိုင်ခဲ့ဘဲ ကောလိပ်တက်ခွင့် မရရှိခဲ့တဲ့ အမေဖြစ်သူရဲ့အိပ်မက်က သူ့ဘဝကို အထူးတပ်လှန့်လှုံ့ဆော်မှုပေးခဲ့တယ်။

ကျောင်းဆရာမ အဖြစ် ရပ်တည်ချင်တဲ့ အမေ့ရဲ့ဘဝအိပ်မက်ကို သူက ဖြစ်အောင်အကောင်အထည်ဖော်ခဲ့ပြီး အခုဆို ရော်ဘင်ဆင်ရဲ့ စာသင်သက်ဟာ (၁၉) နှစ်တိုင်လာခဲ့ပြီဖြစ်ပါတယ်။ သူ့ခေါင်းထဲမှာ အမြဲသံမှိုစွဲနေတဲ့အရာက အမေဖြစ်သူ သင်ကြားပေးခဲ့တဲ့ “အသိသညာကို တန်ဖိုးထားပါ” ဆိုတဲ့ စကားတစ်ခွန်းပါပဲ။ ဒီကျေးဇူးဟာ သူ့အတွက် အတော်ကြီးမြတ်ခဲ့ပါတယ်။

သူ လက်ရှိသင်ကြားပေးနေတဲ့ Virgie Binford စင်တာက အထက်တန်းလူငယ်လေးတွေဟာ အထူးသဖြင့် မပြေလည်တဲ့မိသားစုအသိုင်းအဝိုင်းတွေက ပေါက်ဖွားလာရသူတွေဖြစ်ပြီး ရာဇဝတ်မှု အင်မတန်ထူပြောတဲ့အရပ်တွေမှာ နေထိုင်ရှင်သန်ရသူ လူငယ်တွေပါပဲ။ သူ့တပည့်တွေဟာ ပြစ်မှုမှတ်တမ်းဆိုးတွေရှိနေတဲ့အပေါ် ရော်ဘင်ဆင်ရဲ့ပြောကြားချက်ကတော့ မှတ်မှတ်သားသားဖြစ်စေပါတယ်။

“ဘဝမှာ ကံဆိုးစွာနဲ့ပဲ ပြုလုပ်ခဲ့ဖူးတဲ့ အမှားတွေအတွက် သူတို့ဟာ အခုခဏမှာ ပြစ်ဒဏ်ပေးဆပ်နေရုံသက်သက်ထက် မပိုပါဘူး။ တကယ်တော့ ထောင် ဆိုတာ သူတို့ဘဝတွေအတွက် ယာယီအခြေအနေတစ်ခုမျှသာဖြစ်တယ် ”

“သူတို့ဟာ အရေးပါတဲ့လူသားတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သူတို့အတွက်ထိုက်တန်တဲ့ နေရာတစ်ခု ကျိန်းသေရှိနေပါတယ်။ သူတို့ကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်စေချင်တယ်။ မျှော်လင့်ချက်တွေ ပိုပြီးရှင်သန်လာအောင် မွေးမြူပေးချင်တယ်။ သူတို့ဟာ ကိုယ်လိုရာပန်းတိုင်ကို ရောက်အောင်သွားနိုင်ကြတဲ့သူတွေမှန်း သူတို့ကို သိစေလိုပါတယ် ”

Ref: CNN ” He teaches incarcerated kids to honor his mom who was denied education. Now, he’s National Teacher of the Year ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top