အပတ်စဉ် အနုသုခုမအညွှန်းကဏ္ဍ

week-3-entertainment-1200-600-e1551429927271.jpg

မင်္ဂလာပါ… အပတ်စဉ်တင်ဆက်ပေးနေကျ အနုသုခုမအညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပျော်စရာ ရွှင်စရာ သရဲဟာသ ဇာတ်လမ်းလေး တွေအကြောင်း ပြောကြရအောင်…။

သရဲကားတွေလို့ ပြောလိုက်ရင် ထိုင်းကားတွေကို ပြေးမြင်မိကြသူတွေ များမယ်ထင်ပါတယ်။ အရင့်အရင်ခေတ်တွေတုန်းက ထိုင်းသရဲကားတွေဟာ ကြောက်စရာကောင်းတဲ့နေရာမှာ ထိပ်တန်းစာရင်းဝင်ခဲ့တာပေါ့။ နောက်ပိုင်းမှာတော့ ကမ္ဘာ့ဈေးကွက်ကို သရဲဟာသကားတွေနဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ ထိုင်းသရဲကားတွေထဲမှာမှ ဂုဏ်အရှိန်အဝါအကြီးဆုံးလို့ ဆိုရမယ့် ဇာတ်လမ်းကတော့ Nak လို့ခေါ်တဲ့ အမျိုးသမီးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ Nak နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ မနည်းလှတာမို့ ဟာသလို မကြည့်ချင်ဘဲ သရဲကားလို ကြောက်ချင်ပါတယ်ဆိုတဲ့သူတွေကတော့ “Mae Nak”, “Nak” စတဲ့ ဇာတ်ကားတွေကို ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ အတူတူပါပဲ။

Nak ရဲ့ ဒဏ္ဍာရီဟာ ထိုင်းရာဇဝင်၊ ထိုင်းသမိုင်းတွေမှာ အတော်ကို နာမည်ကြီးပြီး ခုချိန်ထိ Nak ကို နတ်သမီးလို ကိုးကွယ်ကြသူတွေ ရှိနေဆဲပါပဲ။ လင်ယောက်ျား စစ်ထွက်သွားရာကို ကိုယ်ဝန်အရင့်အမာနဲ့ စောင့်ကျန်နေရစ်ခဲ့တဲ့ Nak ၊ ကလေးမီးဖွားရာက သေဆုံးသွားခဲ့တဲ့အခါမှာလည်း အချစ်ကြီးစွာနဲ့ မကျွတ်မလွတ်ဘဲ ယောက်ျားဖြစ်သူကို စောင့်ဆိုင်းနေခဲ့တဲ့ Nak ၊ သူ သရဲမှန်းသိသွားခဲ့ရင် သူချစ်ရတဲ့ ခင်ပွန်းဖြစ်သူက စွန့်ပစ်သွားမှာ ကြောက်တာမို့ သူသေဆုံးတဲ့အကြောင်း ပြောတဲ့သူတွေကို ဇီဝိန်ချုပ်ပေးခဲ့တဲ့ Nak… စတဲ့ Nak အကြောင်းတွေဟာ ကြားရသူတိုင်းအတွက် ရင်နင့်စရာပါ။ ခင်ပွန်းဖြစ်သူကရော သူ့အချစ်ကို နားလည်နိုင်ပါ့မလား။ နဂိုကတော့ ယောက်ျားကို စောင့်ရုံ၊ နောက်ပိုင်း လူသတ်တဲ့အထိပါ ရက်စက်လာတဲ့ Nak ကို ရွာကတွေ လက်မခံနိုင်တော့ဘဲ အောက်လမ်းနဲ့ မောင်းထုတ်ကြဖို့ ကြံစည်ကြတဲ့အခါ..

ဒီလို ဖြစ်ရပ်တွေနဲ့ Nak ရဲ့ အကြောင်းကို ဟာသနှောပြီး ကြည့်ချင်တယ်ဆိုရင်တော့ “Pee Mak” နဲ့ “Make Me Shudder 2” တို့ကို ကြည့်နိုင်ပါတယ်။ Pee Mak ကတော့ အထူးအထွေ ပြောနေစရာမလိုဘူး ထင်ပါရဲ့။ Make Me Shudder ကတော့ အထက်တန်းကျောင်းသား ကောင်လေးတစ်အုပ် စာမေးပွဲအောင်စေဖို့အတွက် Mae Nak (Nak) ရုပ်တုဆီမှာ သွားဆုတောင်းရင်း ခေါင်းဆောင်ကောင်လေးကို အကြောင်းပြုလို့ ဟိုးရှေးခေတ်ထဲရောက်၊ Nak နဲ့တွေ့ပြီး ကမောက်ကမတွေ ဖြစ်ကြတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ Nak ရဲ့ ဇာတ်ကြောင်း မပြောင်းလဲသွားပေမဲ့ အတိတ်ခေတ်ထဲကို ဒီကလေးတွေ ရောက်သွားတဲ့အခါမှာ ဘယ်လို အလွဲပေါင်း သောင်းခြောက်ထောင် နဲ့ ခွီရမလဲ ဆိုတာကတော့….။

ဝတ္ထုမှ ဝတ္ထု သဘောကျတတ်သူတွေကတော့ “Gil’s all Fright Diner” ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ကြစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သမန်းဝံပုလွေ တစ်ကောင်ဖြစ်တဲ့ Duke နဲ့ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်တဲ့ Earl နဲ့ ဆုံတွေ့ ခရီးသွားဖြစ်ရင်း “Gil’s All Night Diner” လို့ အမည်ရတဲ့ လမ်းဘေး စားသောက်ဆိုင် တစ်ဆိုင်ကို ဝင်ပြီး စားဖို့ လုပ်တဲ့အခါမှာ ဒီဇာတ်လမ်း အစပျိုးတော့တာပါပဲ။ စားသောက်ဆိုင်က ၂၄ နာရီဖွင့်တဲ့ ဆိုင်ဖြစ်ပြီး လူမနီးသူမနီးမှာ ဖွင့်ထားတာပါ။ ဂက်စ် ကုန်သွားတဲ့နောက် သူတို့နှစ်ယောက်လည်း ဘာမှ မတတ်နိုင်ဘဲ ဒီနေရာမှာ နေဖို့ ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ဒီစားသောက်ဆိုင်ဟာ ဇွန်ဘီးတွေကျက်စားရာ နေရာဖြစ်ပြီး အခြားအခြားသော ပြဿနာပေါင်းစုံ ပျော်မွေ့ရာ နေရာလည်း ဖြစ်နေပါတော့တယ်။ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်အသစ် (အရင် မန်နေဂျာ) လော်ရီတာက သူ့ရဲ့ ဇွန်ဘီးပြဿနာတွေကို ဖြေရှင်းဖို့အတွက် သူတို့ကို ငှားရမ်းလိုက်ပြီးတဲ့နောက်မှာတော့…။

ဒီစာအုပ်ကို ရေးသားခဲ့သူကတော့ “A. Lee Martinez” ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ Martinez ရောင်းအားအကောင်းဆုံး စာရေးဆရာဖြစ်ပြီး ဒီစာအုပ်ကလည်း သူ့အတွက် ဆုတွေ ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေ ပေါင်းစပ် ရေးဖွဲ့ထားတာမို့ ဖတ်တဲ့သူတွေကိုလည်း မပျင်းရစေမှာ ကျိန်းသေပါပဲ။ အင်္ဂလိပ်လို ရေးထားတာမို့ ဘာသာစကား အခက်အခဲကြောင့် ဖတ်ရမှာ ကြောက်နေတဲ့သူတွေကို ပြောချင်တာကတော့ ဖတ်ကြည့်ပါ။ ခက်ခဲတဲ့ စကားလုံးတွေ မပါပါဘူးနော်… ရိုးရှင်းတဲ့ စာကြောင်းဖွဲ့စည်းပုံနဲ့ လွယ်ကူတဲ့ အရေးအသားတွေကြောင့် ဖတ်ရတာ အဆင်ပြေမှာပါလို့။

ဒီ Theme အတွက် သီချင်းဆိုရင်တော့ ကျွန်တော် တေးရေး တေးဆို အရိုးရဲ့ “ရုပ်ရှင် ကြည့်တဲ့ ည” ကို ရွေးချယ်ပေးချင်ပါတယ်။ ဒီသီချင်းက “လူလည်အာရှသား” အယ်လ်ဘမ်ထဲကပါ။ တစ်ခုရှိတာက ဒီသီချင်းကို နားထောင်မယ်ဆိုရင် သာမန်ကာလျှံကာ နားထောင်တာမျိုး မဟုတ်ဘဲ စာသားတွေကို သေချာ အာရုံစိုက်နားထောင်ပါ။ စာသားတွေကို စိတ်နှစ်ပြီး အဲဒီအတိုင်း ကိုယ်ဖြစ်နေတယ်လို့ ခံစားကြည့်ပါ။

ကျွန်တော့် အကျင့်တစ်ခုက သီချင်းနားထောင်ပြီဆိုရင် သံစဉ်ကိုပဲ နားထောင်ဖြစ်ပြီး သီချင်းစာသားတွေကျ လျှော်လျှော်ပြီး နားထောင်တတ်ပါတယ်။ ( ဒါကြောင့်လည်း သီချင်းတွေ ဘာတွေ သွားဆိုလို့ သူငယ်ချင်းတွေ တီဗီရှေ့ပိတ်ရပ်လိုက်ရင် ဆက်ဆိုလို့ မတတ်တော့တာ :3 စာသား အလွတ်မရဘူးလေ နော်) ဆရာအရိုးရဲ့ သီချင်းတွေက ဇာတ်လမ်းသွားလေးတွေ တွေ့ရတတ်တာမို့ ဒီသီချင်းရဲ့ စာသားကို ကျွန်တော် အာရုံစိုက်ပြီး နားထောင်မိပါတယ်။ သီချင်းစာသားအတိုင်း ကိုယ်ဖြစ်နေသလို ခံစားပြီး နားထောင်နေတာမို့ သီချင်းထဲက ဇာတ်ကောင်အတိုင်း ခံစားဖြစ်သွားပါတယ်။ ဒီခံစားချက်ကို ဘယ်လို ပြောရမယ်မှန်းတောင် မသိဘူးရယ်… လူတစ်ယောက်၊ အလောင်းတစ်လောင်း (ဖုတ်ဝင်အလောင်း၊ ဖုတ်ကောင်)၊ တိတ်ဆိတ်မှောင်မိုက်နေတဲ့ ည၊ သွေးနံ့ နဲ့ ဖုတ်ကောင်ရဲ့ လှုပ်ရှားမှု… ဒါတွေပေါင်းလိုက်တော့…

ကဲ.. ဘာဖြစ်သွားလဲ သိချင်ရင် ခင်ဗျားတို့လည်း နားထောင်ကြည့်ပါဗျာ.. “ရုပ်ရှင်ကြည့်တဲ့ည” တဲ့..။

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top