တရုတ်ဆိပ်ကမ်းဂိုဒေါင်မှာ ၁၃ နှစ်ကြာ ရှိနေခဲ့တဲ့ Tesla ကား ၃ စီးကို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချဖို့ နီးစပ်နေ

5.6.2023-yyl-6.jpg

တရုတ်နိုင်ငံ ချင်းတောင်မြို့ ဆိပ်ကမ်းကနေ တွေ့ရှိတဲ့ အသစ်စက်စက် Tesla ကား ၃ စီးကို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့ နီးစပ်နေပါတယ်။ Roadster မော်ဒယ်ကားတွေဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ချင်းတောင်မြို့ဆိပ်ကမ်းကို ရောက်ရှိနေတာပါ။ တက်သစ်စ တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုက သူတို့ရဲ့ အင်ဂျင်နီယာတွေ လေ့လာနိုင်ဖို့အတွက် Tesla ကား ၃ စီးကို မှာယူခဲ့တာဖြစ်ပြီး ဒေဝါလီခံလိုက်ရလို့ ဆိပ်ကမ်းကနေ ကားတွေကို လာမထုတ်ဖြစ်ခဲ့တာပါ။

မသုံးတာ၊ အားမသွင်းတာ အချိန်ကြာမြင့်လွန်းတဲ့အတွက် ဘက်ထရီ မရတော့ပေမဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ စက်ရုံက ထုတ်ထားတဲ့အတိုင်း အကောင်းပကတိ ရှိနေဆဲပါပဲ။ Roadster မော်ဒယ်တွေကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကြားကာလအတွင်း ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ Base မော်ဒယ်အတွက် အမေရိကန်ဒေါ်လာ ၁၀၉၀၀၀ ၊ Sports မော်ဒယ်အတွက် အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ နှုန်းနဲ့ ရောင်းချခဲ့တာပါ။

ဒီကား ၃ စီးကို ရောင်းချရေးနဲ့ပတ်သက်ပြီး ဖီးနစ်မြို့အခြေစိုက် Gruber Motor ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၂ သန်းတန် ကမ်းလှမ်းမှု ရရှိထားပါတယ်။ ဒီကမ်းလှမ်းမှုသာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ကားတစ်စီးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၆၆၆၆၆ ကျသင့်မှာဖြစ်ပြီး Tesla Roadster မော်ဒယ်တစ်စီးအတွက် စံချိန်တင်ရောင်းချမှု ဖြစ်လာမှာပါ။

Gruber Motor ကုမ္ပဏီဟာ Tesla Roadster ကားတစ်စီးရဲ့ အမြင့်ဆုံးဈေးနှုန်းအဖြစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ နဲ့ ရောင်းချခဲ့ရဖူးပါတယ်။

Ref: 3 ‘brand-new’ Teslas found in China after 13 years now worth a record $2M

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top