ခိုအာလာဝက်ဝံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စံချိန်တင်ဘတ်ဂျက် အသုံးပြုမယ့် သြစတြေးလျ

30.1.2021yyl01.jpg

ခိုအာလာဝက်ဝံတွေကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ အကောင်အရေအတွက် တိုးတက်လာစေဖို့အတွက် သြစတြေးလျအစိုးရက စံချိန်တင်ဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၃၅ သန်း အသုံးပြုသွားမယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ရဲ့ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ တောမီးလောင်မှု၊ မိုးခေါင်ရေရှားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေအတွက် မြေနေရာ ချဲ့ထွင်ရှင်းလင်းမှုတွေကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံမှာ ခိုအာလာဝက်ဝံ ၃၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က နယူးဆောက်ဝေးလ်ပြည်နယ်တစ်ခုတည်းမှာတင် မြေဧက ၁၂ သန်းကျော် ပျက်စီးခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့်လည်း ခိုအာလာဝက်ဝံအရေအတွက် သိသိသာသာ လျော့နည်းသွားခဲ့တာပါ။ ဒါ့အပြင် မကြာသေးခင်က ပျံ့နှံ့ခဲ့တဲ့ လိင်ကူးစက်ရောဂါ ကလာမက်ဒီယာကလည်း ခိုအာလာအကောင်ရေပမာဏကို ခြိမ်းခြောက်လျက်ရှိပါတယ်။ အခုချိန်မှာတော့ သိပ္ပံပညာရှင်တွေက တိရစ္ဆာန်တွေကို ကလာမက်ဒီယာ ကူးစက်မခံရအောင် ကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေ စမ်းသပ်နေပါပြီ။

သြစတြေးလျနိုင်ငံဟာ ခိုအာလာဝက်ဝံတွေရဲ့ စားကျက်တွေ ပြန်လည်ဖန်တီးပေးဖို့၊ အကောင်ရေပမာဏ သိရှိနိုင်မှု တိုးတက်ကောင်းမွန်လာစေဖို့၊ ခိုအာလာဝက်ဝံတွေကို ကုသစောင့်ရှောက်ရာမှာ ထောက်ပံ့ပေးဖို့၊ ကျန်းမာရေးအခြေအနေကို သုတေသနပိုမိုလုပ်ဆောင်ဖို့ စတဲ့ကဏ္ဍတွေအတွက် လာမယ့် ၄ နှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၅ သန်း အသုံးပြုသွားမှာပါ။

ခိုအာလာဝက်ဝံတွေဟာ သဘာဝသားရဲတိရစ္ဆာန်ဆိုင်ရာ နိုင်ငံတကာသမဂ္ဂ(IUCN)ရဲ့ အနီရောင်စာရင်းမှာ အထိနာနေတဲ့ မျိုးစိတ်အဖြစ် စာရင်းသွင်းခံထားရပါတယ်။ သစ်တောထဲမှာ ခိုအာလာဝက်ဝံ အကောင်ရေ ၁ သိန်းကနေ ၅ သိန်းအထိ ရှိမယ်လို့ (IUCN) က ပြောထားပေမဲ့ အကောင်ရေ ၅၈၀၀၀ လောက်ပဲ ကျန်တော့တယ်လို့ သြစတြေးလျနိုင်ငံ ခိုအာလာဝက်ဝံဖောင်ဒေးရှင်းက ပြောပါတယ်။

Ref: CNN “Australia to spend a record $35 million to protect koalas”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top