သတိလစ်သွားတဲ့ရဲအရာရှိကို ကယ်တင်ခဲ့တဲ့ ထောင်သား(၃) ဦး ချီးကျူးဂုဏ်ပြုခံရ

30-7-2020-yyl-012.jpg

ဂျော်ဂျီယာပြည်နယ်က ထောင်တစ်ခုမှာ ရဲအရာရှိတစ်ဦးက ကင်းလှည့်နေတုန်းမှာ နှလုံးဖောက်ပြီး သတိလစ်သွားတဲ့အတွက် ထောင်သား (၃) ဦးက ကယ်တင်ပေးခဲ့တဲ့ဖြစ်ရပ်တစ်ခု အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်က The Gwinnett County ထောင်မှာ ဖြစ်ခဲ့တာပါ။ အဲဒီထောင်သား (၃) ဦးကို သတိလစ်လဲကျပြီး ခေါင်းကို ထိသွားတဲ့ ရဲအရာရှိကို ကယ်တင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ The Gwinnett County ထောင်က သူတို့ရဲ့လုပ်ရပ်အတွက် အင်္ဂါနေ့က ဖေ့စ်ဘွတ်ခ်မှာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

“ထောင်ကို လိုက်လံစစ်ဆေးနေစဉ် အရေးပေါ်ဆေးကုသခံယူလိုက်ရတဲ့ ကျွန်တော်တို့ရဲ့အရာရှိကို သူတို့ (၃) ဦး အပြေးအလွှားကယ်တင်ခဲ့တဲ့ ကြင်နာတရား၊ ကိုယ်ကျင့်တရားတွေအတွက် နက်နက်နဲနဲကို ကျေးဇူးတင်ပါတယ်။ ထောင်လုံခြုံရေးအတွက် စစ်ဆေးနေတုန်း အရာရှိ တစ်ခုခုဖြစ်နေပြီဆိုတာ ထောင်သားတွေက သတိပြုမိခဲ့တာပါ။ သူတို့ကို အခန်းထဲ ပိတ်ထားပေးမယ့် အလုပ်စားပွဲကို အရာရှိထိုင်ဖို့ ပြန်သွားတော့ သူတို့က အရာရှိကို မျက်ခြေမပျက်ကြည့်ပေးခဲ့တာပါ။ အလုပ်စားပွဲမှာ အရာရှိက သတိလစ်ပြီး ကွန်ကရစ်ခင်းပေါ်လဲကျကာ ခေါင်းထိသွားခဲ့ပါတာပါ”လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ထောင်သား (၃) ဦးအဖွဲ့က တံခါးကို တဒုန်းဒုန်းထုပြီး အရာရှိ သတိပြန်ရလာမလားဆိုတဲ့အသိနဲ့ အရာရှိရဲ့နာမည်ကို အော်ခေါ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ “နောက်ကျမှ ကျွန်တော့်တို့အရာရှိက သူ ဘယ်လိုသတိလစ်သွားလည်းမသိလိုက်ပေမယ့် ဒရမ်တီးသံလိုအသံနဲ့ သူ့ရဲ့နာမည်ကို ထပ်ခါထပ်ခါအော်ခေါ်နေတဲ့ ထောင်သားတွေရဲ့အသံတို့ကို ကြားရပြီး သတိလည်လာခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။ သူက ထောင်သားတစ်ဦး အကူအညီလိုအပ်ခဲ့တယ်လို့ ထင်ခဲ့တာကြောင့် ထဖို့ကြိုးစားပြီး ထောင်ခန်းတံခါးတွေကို ဖွင့်ဖို့ ခလုတ်နှိပ်ခဲ့တယ်”လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားတဲ့စာတွေအရ သိရပါတယ်။
ထောင်ခန်းတံခါးပွင့်သွားတဲ့အခါမှာ ထောင်သား (၃)ဦးက ရဲအရာရှိကို အပြေးအလွှားသွားကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘယ်သူဘာပဲဖြစ်ဖြစ်၊ ရဲအရာရှိ သွေးထွက်နေလည်း ဒီထောင်သား (၃) ဦးမှာ တာဝန်မရှိပါဘူး။ ဒါပေမဲ့ သူတို့တွေက ရဲအရာရှိကို ကယ်တင်ပေးဖို့ တုံ့ဆိုင်းခြင်းမရှိခဲ့ဘူး။ လူတော်တော်များများက ဥပဒေစိုးမိုးရေးအရာရှိတွေ၊ အပြစ်သားတွေနဲ့ပတ်သက်ပြီး မကောင်းတဲ့ထင်မြင်ချက်တွေရှိကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်က သူတို့တွေမှာ တွေ့ရတဲ့ ရိုးသားခြင်းနဲ့ အကြင်နာတရားတွေကို ရှင်းရှင်းလင်းလင်းပြသနေပါတယ်” လို့လည်း ရေးသားထားပါတယ်။ ရဲအရာရှိက ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီး မကြာခင် တာဝန်ထမ်းဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: CBSNews “3 Georgia inmates help save deputy who fell unconscious on the job”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top