ကျီစားသန်က ရန်များ၏

editorial-30-3-2020.jpg

မတ်လ ၃၀ ရက်နေ့ ည ၇ နာရီအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၀ ယောက်ရှိနေပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာထားပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ ကူးစက်ခံရသူ ၇၂၀၀၀၀ ကျော် ရှိနေပြီး လူ ၃၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပြီး လူတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေခိုင်းထားလို့(Social Distancing) ကမ္ဘာပေါ်က အစည်ကားဆုံးဆိုတဲ့ နေရာတွေတောင် အသွားအလာပြတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေကြပါပြီ။

မတ်လ ၁၉ ရက်ကနေ ၂၈ ရက်အထိ မြဝတီနယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင် ဝင်ရောက်လာသူ ၂၃၀၀၀ ကျော်ရှိပြီး ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ COVID-19 ကူးစက်ခံရသူတွေ ပါဝင်လာနိုင်ချေများသလို အဲဒီသူတွေက မြန်မာနိုင်ငံ အနှံ့အပြားကို ရောက်ရှိနေတဲ့အတွက် ကပ်ရောဂါကြီးအသွင်ဖြစ်ဖို့ အလားအလာအလွန်များနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိအနေအထားအရ အများပြည်သူတွေရဲ့ စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြပါတယ်။

သဘက်ခါ(ဧပြီလ ၁ ရက်နေ့)ဆိုရင် ဧပရယ်ဖူးလ်(April Fool)နေ့ ရောက်ပါပြီ။ နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့မျိုးရောက်ရင် ကမ္ဘာတစ်ဝန်းမှာ တစ်ဦးနဲ့တစ်ဦး စနောက်ကျီစယ်မှုတွေ လုပ်လေ့ရှိပါတယ်။ အံ့အားသင့် တုန်လှုပ်သွားစေမယ့် မဟုတ်မမှန်တဲ့ အကြောင်းအရာတစ်ခုခု ပြောပြီး April Fool လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး မပျော်ရွှင်နိုင်ကြတဲ့ အခြေအနေမို့လို့ April Fool မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ COVID-19 ကူးစက်ပျံ့နှံ့မှု စတင်ချိန်ကတည်းက သတင်းတုတွေ ထွက်နေတာ ဒီနေ့အချိန်အထိပါပဲ။ တချို့သတင်းတုတွေကတော့ ရည်ရွယ်ချက်ရှိရှိ၊ တည်ငြိမ်မှုပျက်ပြားအောင် လုပ်နေသလိုပါပဲ။ အဲဒီလိုအနေအထားမှာ မသမာသူတွေက April Fool ကို ခုတုံးလုပ်ပြီး သတင်းတုတွေ၊ သတင်းမှားတွေ ဖြန့်လာတာမျိုးကိုလည်း သတိကြီးကြီးထားဖို့ တိုက်တွန်းပါရစေ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top