၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အာရှကစားသမား ၆ ဦး

yyl-032-2.jpg

အာရှ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုအင်အား ကောင်းလာနေပြီး ကမ္ဘာ့ထိပ်တန်း ပြိုင်ပွဲများ၊ ကစားသမားများနှင့် တန်းတူရင်ပေါင်တန်း နိုင်သည့် အခြေအနေသို့ ရောက်လာနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် အတွင်းက ဆိုလျှင် နိုင်ငံတကာ အကောင်းဆုံး ကစားသမားဆု ကိုလည်း ONE Championship မှ အာရှသား အောင်လအန်ဆန်က ဆွတ်ခူးခဲ့သည်။ ယင်းသို့ အားကောင်းလာသည့် အားကစားနည်းကို ၂ဝ၂ဝ တွင် ဆက်လက် သယ်ဆောင် သွားနိုင်မည့် ကစားသမား ၆ ဦးကို ရွေးချယ်ဖော်ပြလိုက်ရပါသည်။

၆ ။ Xiong Jing Nan

အသက် – ၃၁၊ နိုင်ငံ – တရုတ်၊ မှတ်တမ်း – ၁၄-၂၊ ဝိတ်တန်း – စတောဝိတ်

တရုတ် နိုင်ငံသားများထဲမှ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့သူ ONE စတောဝိတ်တန်း အမျိုးသမီး ချန်ပီယံ “The Panda” Xiong Jing Nan သည် ပြီးခဲ့သည့် ၂ဝ၁၉ အတွင်း ၂ ပွဲသာ ကစားခွင့်ရပြီး နှစ်ပွဲစလုံးမှာ အက်တမ်ဝိတ်တန်း ချန်ပီယံ Angela Lee နှင့် ဖြစ်သည်။ ပထမတစ်ပွဲမှာ ၎င်း၏ စတောဝိတ်တန်းခါးပတ်ကို Lee က စိန်ခေါ်ခြင်းဖြစ်ပြီး အလဲထိုး အနိုင်ယူကာ ကာကွယ်နိုင်ခဲ့သည်။ ဒုတိယပွဲမှာမူ Lee ၏ အက်တမ်ဝိတ်တန်းခါးပတ်ကို Jing Nan က ပြန်လည် စိန်ခေါ်ခြင်းဖြစ်ကာ ယင်းပွဲ တွင်တော့ ချုပ်ကွက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ Jing Nan သည် ၂၀၂၀ ခုနှစ်တွင် စတောဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကိုသာ အဓိထား ကာကွယ်သွားမည်ဖြစ်သည်။

၅။ Angela Lee

အသက် – ၂၃၊ နိုင်ငံ – စင်ကာပူ၊ မှတ်တမ်း – ၁ဝ-၂၊ ဝိတ်တန်း – အက်တမ်ဝိတ်

အသက်အငယ်ဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ဖူးသူ Angela “Unstoppable” Lee သည် ၂ဝ၁၉ အတွင်းတွင် ဝိတ်တန်းအသစ် ဖြစ်သော စတောဝိတ်တန်းသို့ တက်ရောက် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည်။ ဝိတ်တန်း ချန်ပီယံ Xiong Jing Nan ကိုပင် စိန်ခေါ်ခဲ့ပြီး နောက်ဆုံးအချီတွင် အလဲထိုးခံခဲ့ရသဖြင့်သာ ဝိတ်တန်းနှစ်ခု ချန်ပီယံ မဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုတိယမြောက် စတောဝိတ်တန်းပွဲတွင် ထပ်မံ ရှုံးနိမ့်ခဲ့ပြန်ပြီး အက်တမ်ဝိတ်တန်းသို့ ပြန်ဆင်းကာ ချန်ပီယံ ကာကွယ်ပွဲ ကစားသည့် အချိန်မှ နိုင်ပွဲပြန်ရခဲ့သည်။ လတ်တလောတွင် အက်တမ်ဝိတ်တန်းတွင် ၎င်းကို စိန်ခေါ်လိုသည့် ပြိုင်ဘက် များလာသလို စတောဝိတ်တန်း အိပ်မက်လည်း ဆက်မက်ဦးမည့် Lee အတွက် ၂ဝ၂ဝ သည် စိတ်လှုပ်ရှားဖွယ် နှစ်တစ်နှစ် ဖြစ်သည်။

၄။ Joshua Pacio

အသက် – ၂၃၊ နိုင်ငံ – ဖိလစ်ပိုင်၊ မှတ်တမ်း – ၁၅-၃၊ ဝိတ်တန်း – စတောဝိတ်

Team Lakay ၏ လူငယ် ချန်ပီယံတစ်ဦး ဖြစ်သော Joshua “The Passion” Pacio သည် ပြီးခဲ့သည့် ၂ဝ၁၉ နှစ်ဆန်းပိုင်းတွင် ၎င်း၏ ONE စတောဝိတ်တန်း ချန်ပီယံ ခါးပတ်ကို Yosuke Saruta လက်ထဲ လွှဲပြောင်းပေး ခဲ့ရသည်။ သို့သော် ယင်းနှစ် အတွင်းတွင်ပင် Saruta ကို ပြန်လည်စိန်ခေါ် ခဲ့ရာ အနိုင်ရခဲ့သဖြင့် ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ထပ်မံ စိန်ခေါ်လာသည့် တစ်နိုင်ငံတည်းသား Rene Catalan ကိုလည်း အနိုင်ယူကာ ချန်ပီယံ ကာကွယ် နိုင်ခဲ့သည်။ အသက်အရွယ် အားဖြင့် ၂၃ နှစ်သာ ရှိသေးသည့် Pacio အတွက် ၂ဝ၂ဝ တွင် တောက်ပသည့် အနာဂတ်များက စောင့်ကြိုလျက် ရှိနေပြီး အကောင်းဆုံး လက်စွမ်းဖြင့် ဖြတ်သန်းမည့် ကစားသမား တစ်ဦးဖြစ်သည်။

၃။ အောင်လအန်ဆန်

အသက် – ၃၄၊ နိုင်ငံ – မြန်မာ၊ မှတ်တမ်း – ၂၆-၁ဝ၊ ဝိတ်တန်း – မစ်ဒယ်ဝိတ်/လိုက်ဟဲဗီးဝိတ်

ONE Championship ၏ တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခု ချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန် အနေဖြင့် ၂ဝ၁၉ ခုနှစ်ကို အောင်မြင်မှု များဖြင့် ဖြတ်သန်းခဲ့သည်ဟု ဆိုနိုင်သည်။ ၎င်း၏ ချန်ပီယံ ခါးပတ်နှစ်ခု ဖြစ်သော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် တို့ကို စိန်ခေါ်သူများ ပေါ်ထွက်ခဲ့ရာ ၎င်းတို့အားလုံးကို အနိုင်ယူပြီး ချန်ပီယံ ဆက်လက် ကာကွယ်နိုင် ခဲ့သည်။ ထို့ပြင် ကိုယ်ခံပညာ အားကစား လောက၏ ဂုဏ်သိက္ခာရှိ မီဒီယာတစ်ခု ဖြစ်သော Fighter Only မှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး နိုင်ငံတကာ ကစားသမား ဆုလည်း ရရှိခဲ့သည်။ ၂ဝ၂ဝ ခုနှစ် အတွင်းတွင်လည်း ၎င်းကို စိန်ခေါ်လာနိုင်သည့် မစ်ဒယ်ဝိတ်တန်း ပြိုင်ဘက်ကောင်းများစွာ ရှိရာ ပွဲကောင်းများ ကစားခွင့်ရမည့် နှစ်တစ်နှစ် ဖြစ်လာမည် ဖြစ်သည်။

၂။ Christian Lee

အသက် – ၂၁၊ နိုင်ငံ – စင်ကာပူ၊ မှတ်တမ်း – ၁၃-၃၊ ဝိတ်တန်း – လိုက်ဝိတ်

၂ဝ၁၉ နှစ်ဆန်းပိုင်း အထိ ဖယ်သာ ဝိတ်တန်းတွင်သာ ယှဉ်ပြိုင်နေသည့် Christian “The Warrior” Lee သည် ၂ဝ၁၉ အတွင်း လိုက်ဝိတ်တန်းသို့ တက်ရောက် ယှဉ်ပြိုင်ခဲ့ကာ ချန်ပီယံ ခါးပတ်ကိုပင် ဝါရင့် ကစားသမားကြီး Shinya Aoki ထံမှ အံ့သြဖွယ် လုယူ သိမ်းပိုက် နိုင်ခဲ့သူ ဖြစ်သည်။ အဆိုပါ နိုင်ပွဲအပေါ် ပရိသတ်များက ထင်ကြေး အမျိုးမျိုး ပေးကြသော်လည်း ယင်းခါးပတ်နှင့် ထိုက်တန်ကြောင်းကို ပြသသည့် အနေဖြင့် Lee သည် လိုက်ဝိတ်တန်း GP ချန်ပီယံ ခါးပတ်ကိုပါ ဆက်လက် သိမ်းပိုက်ပြခဲ့သည်။ ထို့ကြောင့် Lee သည် ၂ဝ၂ဝ ခုနှစ် အတွင်းတွင် ၎င်းကို စိန်ခေါ်လာမည့် လိုက်ဝိတ်တန်း ပြိုင်ဘက်ကောင်း များစွာကို ရင်ဆိုင်ရမည် ဖြစ်သလို ဖယ်သာဝိတ်တန်း ချန်ပီယံ ခါးပတ်ကိုပါ မျက်စောင်းထိုး နိုင်သည့် အခြေအနေ ဖြစ်သည်။

၁။ Martin Nguyen

အသက် – ၃ဝ၊ နိုင်ငံ – ဗီယက်နမ်၊ မှတ်တမ်း – ၁၃-၃၊ ဝိတ်တန်း – ဖယ်သာဝိတ်

၂၀၂၀ ခုနှစ်သည် Martin “The Situ-Asian” Nguyen အတွက် အရေးပါသော ပွဲများ ယှဉ်ပြိုင်ရမည်နှစ်တစ်နှစ် ဖြစ်လာနိုင်သည်။ ဒဏ်ရာကြောင့် လိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ၂ဝ၁၈ ခုနှစ်က လက်လွှတ်ခဲ့သည့် Nguyen သည် ၂ဝ၁၉ အတွင်း ဖယ်သာဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲ ၂ ပွဲ ကစားခဲ့ရပြီး နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။ ထို့ပြင် ချန်ပီယံဟောင်း Narantungalag Jadambaa ကို ဒူးပျံဖြင့် အလဲထိုးခဲ့သည့် နိုင်ပွဲက တစ်နှစ်တာ အကောင်းဆုံး အလဲထိုး နိုင်မှုလည်း ဖြစ်ခဲ့သည်။ ၎င်းသည်လည်း ၂ဝ၂ဝ တွင် ချန်ပီယံ ကာကွယ်ပွဲများ ကစားရမည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top