ONE Warrior Series 10 မှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၃ ခု

yyl-001-5.jpg

ONE Championship ပြိုင်ပွဲအတွက် မျိုးဆက်သစ် ကစားသမားများကို မွေးထုတ်ပေးနေသည့် ONE Warrior Series ၏ ဒဿမ မြောက်ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ OWS 10 ပြိုင်ပွဲမှ ပရိသတ်များ စောင့်ကြည့်သင့်သည့် စိတ်ဝင်စားဖွယ်တွဲဆိုင်း ၃ ခုကို ထုတ်နှုတ်တင်ပြ လိုက်ရပါသည်။

၁။ Byung Hee နှင့် Joblin တို့၏ အကြိတ်အနယ် ရှိမည့် ခေါင်ပွဲ

OWS 10 ၏ ခေါင်ပွဲအဖြစ် သတ်မှတ်ထားသည့်ပွဲမှာ တောင်ကိုရီးယား ကစားသမား Byung Hee “The Lucky Guy” Lim နှင့် နယူးဇီလန် ကစားသမား Kieran “The Stonecutter” Joblin တို့၏ ပွဲဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံမှ Top FC, Road FC နှင့် Annihilation စသည့် ပြိုင်ပွဲများတွင် လက်စွမ်းပြနေသည့် Byung Hee သည် OWS တွင် ပထမဆုံးပွဲထွက်ခြင်း ဖြစ်သော်လည်း ခေါင်ပွဲ ကစားခွင့်ရခဲ့ခြင်းက ၎င်း၏ လက်စွမ်းကို ONE Championship က များစွာမျှော်လင့်ထားကြောင်း ပေါ်လွင်စေသည်။

Joblin မှာမူ OWS ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲပေါင်းများစွာကို ပါဝင်ကစားခဲ့ဖူးပြီး ကစားသမားဘဝတစ်လျှောက် ပရော်ဖက်ရှင်နယ် ပွဲချည်း ၃၅ ပွဲ အထိ ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့ကြောင့် အသက် ၃၁ နှစ် ရှိသည့် Joblin ကို အတွေ့အကြုံချင်းယှဉ်နိုင်သည့် ကစားသမား OWS ပြိုင်ပွဲတွင် မရှိသလောက်ပင် ဖြစ်သည်။ Byung Hee အနေဖြင့် Joblin ကဲ့သို့ ကစားသမားမျိုးကို ခေါင်ပွဲအဖြစ် ရင်ဆိုင်ရသည့် အတွက် ခွန်အားနှင့် သက်လုံကို အသာစီးယူရန် ကြိုးစားရင်း အကြိတ်အနယ် ရှိသည့်ပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

၂။ ဝူရှူးချန်ပီယံနှင့် ရင်ဆိုင်ရမည့် Moisa ၏ OWS ပွဲဦးထွက်

ONE Championship ၏ ဖယ်သာဝိတ်တန်း Kickboxing GP ပြိုင်ပွဲတွင်ပင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် ယူကရိန်း ကစားသမား Sasha Moisa သည် OWS သို့ ဆင်းကာ ပြန်လည်ယှဉ်ပြိုင်သည့် ဖြစ်ရပ်က စိတ်ဝင်စားဖွယ် ကောင်းသည်။ မြန်မာနိုင်ငံမှ World Lethwei Championship – WLC ပြိုင်ပွဲတွင်ပင် လာရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် Moisa သည် WMC မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက် နိုင်ခဲ့ဖူးသည့် ကစားသမား ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း မွေထိုင်းပွဲများစွာ ယှဉ်ပြိုင်ခဲ့ဖူးသည်။

Moisa နှင့် ရင်ဆိုင်ရမည့် ပါကစ္စတန် ကစားသမား Shahzaib “King” Rindh သည်လည်း ပါကစ္စတန် နိုင်ငံတွင် ၃ ကြိမ်တိုင်တိုင် အမျိုးသား ဝူရှူးချန်ပီယံ ဖြစ်ခဲ့ဖူးသည့် ကစားသမား ဖြစ်သည်။ ဝူရှူနှင့် ဆန်ဒါ စည်းမျဉ်းများဖြင့် ပြိုင်ပွဲပေါင်း ၆ဝ ကျော် ယှဉ်ပြိုင် ခဲ့ဖူးသည့် Rindh သည် အနောက်တိုင်း လက်ဝှေ့နှင့် Kickboxing ကိုလည်း ကောင်းစွာ ကျွမ်းကျင်သည်။ Rindh သည် ၎င်း၏ ပထမဆုံး OWS ပွဲတွင် Moisa ကဲ့သို့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရခြင်းက ၎င်းအတွက် ခက်ခဲသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

၃။ ပထမဆုံး ပါကစ္စတန် အမျိုးသမီး MMA ကစားသမား၏ပွဲ

ယခုပြိုင်ပွဲတွင် တစ်ပွဲတည်းသော အမျိုးသမီးတွဲဆိုင်းဖြစ်သည့် အက်စ်တိုးနီးယား ကစားသမား Marie “The Valkyrie” Ruumet နှင့် ပါကစ္စတန် ကစားသမား Anita Fairtex “The Arm Collector” Karim တို့ ပွဲကလည်း စိတ်လှုပ်ရှားဖွယ် ပွဲကောင်း တစ်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မွေထိုင်းပွဲ များစွာ ယှဉ်ပြိုင်ခဲ့ဖူးသည့် Ruumet သည် OWS တွင် မျက်နှာသစ် ကစားသမား ဖြစ်သော်လည်း ၎င်း၏ ချောမော လှပသော ရုပ်ရည်ကြောင့်လည်း ကျော်ကြားသည်။

Karim မှာမူ ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားပြီး OWS ပြိုင်ပွဲတွင် ၂ ပွဲ ပါဝင်ယှဉ်ပြိုင် ခဲ့ရာ တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။ ကစားသမား နှစ်ဦး စလုံးသည် ပရော်ဖက်ရှင်နယ် ပွဲအတွေ့အကြုံ နည်းပါးကြပြီး နှစ်ဦးပေါင်းမှ ၃ ပွဲသာ ယှဉ်ပြိုင်ခဲ့ဖူးသည်။ Ruumet သည် မတ်တပ်ရပ် တိုက်ခိုက်မှုကို အားသန်သူ ဖြစ်သဖြင့် Karim ဘက်မှ မြေပြင်ချုပ်ကွက်ချင်း ယှဉ်ပြိုင်လာပါက စိတ်ဝင်စားဖွယ် အခြေအနေတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top