ဖုန်း အသုံးပြုသူတိုင်း ရှောင်သင့်တဲ့အချက်တွေ

P6.jpg

နည်းပညာခေတ်မှာ စမတ်ဖုန်းတွေက လူတိုင်းအတွက် မရှိမဖြစ် အသုံးအဆောင်ပစ္စည်း ဖြစ်လာပါတယ်။ ဖုန်းတစ်လုံးရှိရုံနဲ့ ကိစ္စတော်တော်များများ ဆောင်ရွက်နိုင်လို့ ဖုန်းကို ကိုယ်နဲ့မကွာ ဆောင်လာကြပါတယ်။ နိုးစက်ပေးဖို့၊ အိပ်စက်မှုအရည်အသွေး တိုင်းတာဖို့ စတဲ့ အကြောင်းအရာတွေကြောင့် ဖုန်းကို အိပ်ရာထဲအထိ ယူလာတတ်ကြပါတယ်။ ဖုန်းအသုံးပြုတာအခါ သတိထားဖို့လိုတဲ့ လွဲမှားမှုတွေကို ဖော်ပြပေးချင်ပါတယ်။

ဖုန်း ဘေးနားထားပြီး အိပ်စက်တာ

စမတ်ဖုန်းတွေဟာ လျှပ်စစ်သံလိုက်လှိုင်းတွေ ထုတ်လွှင့်တဲ့၊ လက်ခံတဲ့ အရာဖြစ်ပါတယ်။ ဒါက ရေဒီယိုလှိုင်းတွေ ထုတ်လွှင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ အချိန်ကြာကြာ ထိတွေ့ရင် ဦးနှောက်ကို သက်ရောက်မှုရှိစေတယ်ဆိုတာ သက်သေပြနိုင်ဖို့ သုတေသီတွေက လုပ်ဆောင်နေပါတယ်။ အိပ်နေချိန်မှာ ဖုန်းပိတ်ထားလို့လည်း မရဘူး။ တခြားတစ်နေရာ ထားအိပ်ဖို့လည်း မဖြစ်နိုင်ဘူးဆိုရင်တော့ airplane mode လုပ်ထားသင့်ပါတယ်။ ဒါမှမဟုတ်ရင် ဖုန်းသံကြောင့် အိပ်ရေးမဝဘဲ နိုးလာတာမျိုး ဖြစ်ရမှာပါ။

အပြာရောင်အလင်းကို အချိန်ကြာကြာကြည့်တာ

ဖုန်းမျက်နှာပြင်ကနေ ထွက်လာတဲ့ အပြာရောင်အလင်းက မီလာတိုနင်ဟော်မုန်း ထွက်ရှိမှုကို အတားအဆီးဖြစ်စေပါတယ်။ မီလာတိုနင်ဟော်မုန်းက ကျွန်တော်တို့ရဲ့ အိပ်စက်ချိန်စက်ဝိုင်းကို ပုံမှန်လည်ပတ်အောင် လုပ်ပေးနေတာပါ။ ဒါတင်မကသေးပါဘူး။ အပြာရောင်အလင်းက ခေါင်းကိုက်တာ၊ မျက်လုံးနဲ့ အမြင်အာရုံပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းရဲ့အလင်းရောင် အရမ်းများနေရင် ပြန်ချိန်ပြီး အပြာရောင်အလင်းကို စစ်ထုတ်ပေးတဲ့ Blue Light Filter ဖွင့်ထားသင့်ပါတယ်။

လိုင်းဆွဲအားနည်းနေချိန်မှာ ဖုန်းသုံးတာ

လိုင်းဆွဲအား နည်းနေတဲ့အခါ ဖုန်းကနေ လျှပ်စစ်သံလိုက်လှိုင်းတွေ ပိုထုတ်ပေးပါတယ်။ ဖုန်းကနေ စွမ်းအင်ပိုထွက်တဲ့အတွက် ကျန်းမာရေးကို ပိုထိခိုက်စေပါတယ်။ လိုင်းဆွဲအား နည်းနေချိန်မှာ ဖုန်းကို တတ်နိုင်သလောက် လူနဲ့ဝေးဝေးထားဖို့ Disconnect: The Truth About Cell Phone Radiation, What the Industry Is Doing to Hide It, and How to Protect Your Family စာအုပ်ကို ရေးသားသူ ဒေါက်တာဒါဗစ်က အကြံပြုထားပါတယ်။ လိုင်းဆွဲအားနည်းတဲ့အခါ ဖုန်းအပူချိန် ပိုမြင့်လာတာကလည်း ကျန်းမာရေးအတွက် အန ္တရာယ်ရှိစေနိုင်ပါတယ်။

အရေပြားနဲ့ ထိနေတာ

စမတ်ဖုန်းတွေနဲ့ ကင်ဆာရောဂါ ဆက်နွှယ်မှုရှိ၊ မရှိဆိုတာ သိရဖို့ လေ့လာမှု တော်တော်များများ လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ဖုန်းကနေထွက်တဲ့ အချက်ပြလှိုင်းက ၉၀၀ MHz ရှိပြီး(အကြမ်းဖျင်းပမာဏ) ဖုန်းရဲ့ အပူချိန်ကို မြင့်တက်စေလို့ အဲဒီလိုလေ့လာကြတာဖြစ်ပါတယ်။ ဖုန်းကို ကိုယ့်အနားကပ်ထားရင် အရေပြားက အပူကို အလွယ်တကူ စုပ်ယူပါတယ်။ ဖုန်းကို ဝေးဝေးမှာ ထားလေလေ အပူစုပ်ယူမှု နည်းလေလေပါပဲ။ ဖုန်းပြောတဲ့အခါ အရေပြားနဲ့ ထိမနေစေဖို့ နားကြပ်သုံးသင့်ပါတယ်။ ဒါပေမဲ့ ရေဒီယိုကြိမ်နှုန်းရဲ့ ရောင်ခြည်သင့်မှုက လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သက်သေပြနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဖုန်းကြည့်တဲ့အခါ ကိုယ်နေဟန်ထား မမှန်တာ

ဖုန်းအသုံးပြုတာများရင် လက်ချောင်းအဆစ်ယောင်ယမ်းမှုလို ရောဂါမျိုး ခံစားရနိုင်တာကို လူတော်တော်များများ သိကြပါတယ်။ ဖုန်းနဲ့ပတ်သက်ပြီး နောက်ထပ်ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးကတော့ Text Neck ဆိုတဲ့ ဇက်ဝေဒနာ ခံစားရမှုပါပဲ။ ခေါင်းငုံ့ပြီး ဖုန်းကြည့်တဲ့အခါ လည်ပင်းရိုးအပေါ် ဖိအားတဖြည်းဖြည်း များလာပါတယ်။ အချိန်ကြာလာရင် ဇက်ပေါ်မှာ ရှိလာတဲ့ အလေးချိန်က ဦးခေါင်းရဲ့ ပုံမှန်အလေးချိန်ထက် ၅ ဆကျော် ပိုများလာမှာပါ။ ဒါကြောင့် ဇက်နာတာ၊ ဇက်စောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင် ဖုန်းကို မျက်လုံးနဲ့ တပြေးညီ ထောင်ကြည့်ပါ။ ဇက်ကို တတ်နိုင်သမျှ ဖြောင့်ဖြောင့်ထားပါ။

စာဖတ်သူက ဒီစာကို ဖုန်းထဲကနေ ဖတ်နေတာဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဖုန်းသုံးတဲ့အခါ ရှောင်သင့်တဲ့အချက်တွေကို ရှောင်ရှားပြီး ဖုန်းနဲ့အတူ ပါလာတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို တွန်းလှန်ပစ်လိုက်ပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top