ONE: Dawn Of Valor တွင် မြင်တွေ့ရဖွယ်ရှိသည့် အန်တိုနီယာ၏ အကောင်းဆုံး တိုက်ကွက် ၄ ခု

yyl-22-001.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship တွင် နိုင်ငံပေါင်းစုံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင် လျက်ရှိရာ ရိုးရာကိုယ်ခံပညာရပ်များကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံမှ အားကစားသမားများလည်း ပါဝင်ယှဉ်ပြိုင်နေ ကြသည်။ မြန်မာအားကစားသမားများအနက် ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံ များထဲတွင် အောင်မြင်ပြီး ထင်ရှားသော ကစားသမားတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။

အခြားထင်ရှားသော မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများမှာ ဖိုးသော်၊ စိုင်းဉာဏ်လင်း၊ ပုညစိုင်းတို့ဖြစ်ကာ ထိုက်သင့်သည့်နိုင်ပွဲ များ ရယူထားကြသည်။ ONE Championship တွင် ယှဉ်ပြိုင်လျက်ရှိသည့် တစ်ဦးတည်းသော မြန်မာအမျိုးသမီးအားကစားမယ်မှာ အန်တိုနီယာဖြစ်သည်။ ကယားပြည်နယ်မြို့တော် လွိုင်ကော်ဇာတိ အန်တိုနီယာသည် ကယန်းတိုင်းရင်းသူတစ်ယောက်ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာပင် လက်ဝှေ့အားကစားကို လေ့လာလိုက်စားကာ မြန်မာနိုင်ငံ အမျိုးသမီးလက်ဝှေ့ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်ရှိ Transcend Gym ၌ လက်ဝှေ့နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး နပမ်းလေ့ကျင့်မှုများကိုလည်း ပြုလုပ်ခဲ့သည်။

လက်ဝှေ့စတင်ထိုးသတ်ချိန်ကတည်းက ပရော်ဖက်ရှင်နယ် အားကစားသမားတစ်ဦးလာအောင် ရည်မှန်းထားသည့် ၎င်း၏အိပ်မက်က ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ပေါ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်တွင်ကျင်းပပြုလုပ်သော ONE: QUEST FOR GOLD ပြိုင်ပွဲ၌ တစ်နိုင်ငံတည်းသား ရွှေစင်ကို ပွဲအစ ၂၄ စက္ကန့်မှာပင် ဒိုင်ပွဲရပ်အနိုင်ရခဲ့ပြီး ထိုတွဲဆိုင်းက ONE အမျိုးသ မီးပြိုင်ပွဲများအနက် ပွဲသိမ်းအမြန်ဆုံးစံချိန်ဖြစ်ခဲ့သည်။ ကြိုးဝိုင်းအမည် တိုတိုဟု အမည်ပေးထားသော ကယန်းတိုင်းရင်းသူလေးသည် နောက်ပိုင်းတွင် နိုင်ငံခြားအားကစားသမားများနှင့် ၃ ပွဲယှဉ်ပြိုင်ခဲ့ရာ ထိုင်းအားကစားသမား Rika “Tiny Doll” Ishige ကိုသာရှုံးနိမ့်ကာ မလေးရှားအားကစားသမား Audreylaura “Ice Comet” Boniface နှင့် ဗီယက်နမ်-အမေရိကန်အားကစားသမား Bi “Killer Bee” Nguyen တို့ကို အနိုင်ရထားသည်။

Bali MMA အသင်းသား အန်တိုနီယာသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ဂျကာတာမြို့၌ကျင်းပပြုလုပ်မည့် ONE: DAWN OF VALOR ပြိုင်ပွဲ၏ အက်တမ်ဝိတ်တန်းတွဲဆိုင်းအဖြစ် အိမ်ရှင်အင်ဒိုနီးရှား အားကစားသမား Priscilla Hertati “Thathie” Lumban Gaol နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ နိုင်ငံခြားအားကစားသမားများနှင့် ယှဉ်ပြိုင်သည့်ပွဲများတွင် အန်တိုနီယာသည် အဖွင့်ပွဲစဉ်မှာပင် Rika Ishige ကိုရှုံးနိမ့်ခဲ့သော်လည်း အကောင်းဆုံး ကြိုးစားပြင်ဆင်ခဲ့ခြင်းကြောင့် ၂ ပွဲဆက်တိုက် ပြန်လည်အနိုင် ရခဲ့ခြင်းဖြစ်သည်။ မကြာမီတွင် နောက်ဆုံး ၄ ပွဲတွင် ၃ ပွဲအနိုင်ရထားသော ဝါရင့်အားကစား Gaol နှင့်ရင်ဆိုင်ရတော့မည့် အန်တိုနီယာ ၏ အကောင်းဆုံးတိုက်ကွက် ၄ ခုအား ဖော်ပြလိုက်ပါသည်။

၁။ လျှပ်စီးပြက်သကဲ့သို့ လျင်မြန်သော လက်သီးတွဲလုံးများ

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် စုစုပေါင်း ၄ ပွဲထိုးသတ်ထားရာတွင် ၃ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားသော အန်တိုနီယာသည် လက်ဝှေ့သမားတစ်ဦးပီပီ လက်သီးထိုးလုံးသတ်ပေါက် ကျွမ်းကျင်သူဖြစ်သည်။ နိုင်ငံခြားကစား သမားနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ရသောပြိုင်ပွဲတွင် ထိုင်းအားကစားသမား Rika Ishige ကို ပထမအချီမှာပင် ဒိုင်ပွဲရပ်ရှုံးနိမ့်ခဲ့သည်။ သို့သော် မြေပြင်ချုပ်ကွက်နည်းဗျူဟာဖြင့် မရှုံးနိမ့်ခင်အထိ လက်ရည်အသာစီးရခဲ့သူက အန်တိုနီယာပင်ဖြစ်သည်။ ပွဲစသည်နှင့် ခြေကန်ချက်ဖြင့် စတင်တိုက်ခိုက်ခဲ့သော Ishige ကို အန်တိုနီယာက လက်သီးထိုးချက်များဖြင့် အထိနာစေခဲ့သည်။ ညာ လက်သီး စတင်ထိုးနှက်ပြီး တစ်ဆက်တည်းကပ်ပါလာသော ဘယ်လက်သီးကလည်း ပြင်းထန်အားပါသောကြောင့် ဝါရင့်ထိုင်းအားက စားသမား အခက်တွေ့ခဲ့ရသည်။ ဘယ်ညာလက်သီးတွဲလုံးများသာမက လူချင်းပူးကပ်နေချိန်တွင် အမှတ်မထင်အသုံးပြုသော ဘယ်ညာ ပင့်လက်သီးများကြောင့်လည်း Ishige အနေဖြင့် မတ်တပ်ရပ်တိုက်ခိုက်မှုတွင် အသာမရနိုင်သည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် မြေပြင်ချုပ်ကွက်အလဲထိုးဗျူဟာဖြင့် အသာစီးရနိုင်ရန် နည်းဗျူဟာပိုင်းပြောင်းလဲခဲ့ရပြီး ပထမအချီ ၂ မိနစ်၊ ၄၈ စက္ကန့်တွင် အပေါ်စီးမှခွကာ တံတောင်ရိုက်ချက်၊ လက်သီးတွဲလုံးများအသုံးပြုပြီး အနိုင်ရလဒ်ကိုရယူနိုင်ခဲ့သည်။ သို့သော်လည်း Ishige သည် အန် တိုနီယာကို ကြိုးဝိုင်းကြမ်းပြင်ပေါ် လှဲမချနိုင်ခင်အထိ မြန်မာအားကစားသမား၏ လျှပ်ပြက်သလို လျင်မြန်လွန်းသော လက်သီးထိုးချက် များကြောင့် အခက်အခဲတွေ့ခဲ့ရသည်က ငြင်းပယ်မရသော အမှန်တရားပင်ဖြစ်သည်။

၂။ တန်ပြန်တိုက်စစ်ဗျူဟာ ထူးချွန်ခြင်း

အားကစားသမားတိုင်းအတွက် တန်ပြန်တိုက်စစ်ဗျူဟာက မရှိမဖြစ်အရေးပါလှသော စွမ်းဆောင်ရည်တစ်ရပ်ဖြစ်သည်။ ကာယအား ကိုးယှဉ်ပြိုင်ရသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများအတွက်လည်း ပြိုင်ဘက်၏တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံကာ တန် ပြန်တိုက်စစ်ဖြင့် ပြန်လည်အသာစီးရယူရန် မဖြစ်မနေ ကြိုးစားပြင်ဆင်ထားရသည်။ သို့မဟုတ်ပါက ပြိုင်ဘက်၏လက်သီးတစ်လုံး၊ ခြေ ကန်ချက်တစ်ချက်တည်းနှင့်ပင် အရှုံးပေးသွားရပေလိမ့်မည်။
အန်တိုနီယာတွင် တန်ပြန်တိုက်စစ်ကစားရာ၌ ထူးချွန်သလို ပြိုင်ဘက်က အသာစီးအနေအထားမှ ယှဉ်ပြိုင်လာချိန်တွင်လည်း လဲပြိုမကျ သွားစေရန် ကြံ့ကြံ့ခံနိုင်သည့် ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ Bi Nguyen နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၎င်း၏ တန်ပြန်တိုက်စစ်ဗျူ ဟာနှင့် ခံနိုင်ရည်ရှိမှုကို အထင်းသားမြင်တွေ့နိုင်သည်။ ပထမအချီအစ ၄၀ စက္ကန့်လောက်မှာပင် Bi Nguyen ၏ ဘယ်ထောက်လက် သီးကြောင့် အန်တိုနီယာမှာ ကြိုးဝိုင်းပေါ် ဖင်ထိုင်ကျသွားခဲ့သည်။ အခြားအားကစားသမားများဆိုလျှင် တစ်ချက်တည်းနှင့် အရှုံးပေးရနိုင် သည့် လက်သီးထိုးချက်ဖြစ်သော်လည်း အန်တိုနီယာက ချက်ချင်းပင် ပြန်ထကာ အကောင်းဆုံးတန်ပြန်တိုက်စစ်ဗျူဟာဖြင့် ပြန်လည် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ပထမအချီအတွင်းမှာပင် ဗီယက်နမ်-အမေရိကန်အားကစားသမား၏ ပွဲသိမ်းလက်သီးထိုးချက် ၃ ကြိမ်ထက်မနည်း မျက်နှာကို တိုက်ရိုက်ထိမှန်ခဲ့သော်လည်း ခံနိုင်ရည်ကောင်းလွန်းသော အန်တိုနီယာက မရှုံးနိမ့်အောင် ကြိုးစားနိုင်ခဲ့ပြီး တန်ပြန်လက်သီး ထိုးချက်၊ ခြေကန်ချက်များကြောင့် ပွဲအပြီးတွင် ဒိုင်အဆုံးအဖြတ်ဖြင့် နိုင်ပွဲရယူနိုင်ခဲ့သည်။

၃။ အပေါ်စီးအနေအထားမှ ပြန်ယှဉ်ပြိုင်ခွင့်ရအောင် အားထုတ်နိုင်မှု

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းတွင် မြေပြင်ချုပ်ကွက်နည်းဗျူဟာက အလွန်အရေးပါသည်။ အနိုင်အရှုံးအတွက်လည်း အဓိက ဆုံးဖြတ်ပေးသည့် နည်းစနစ်ဟုလည်း ဆိုနိုင်သည်။ မြေပြင်ချုပ်ကွက်နည်းဗျူဟာတွင် အပေါ်စီးမှထိုးသတ်ရသော အားကစားသမားက နိုင်ပွဲရရှိရန် ရာခိုင်နှုန်းများပြီး အောက်ဖက်မှ အားကစားသမားအတွက်မူ နိုင်ပွဲရရှိဖို့မပြောနှင့်၊ ထိချက်မနာအောင်၊ အပေါ်စီးမှ ပြန်လည် ထိုးသတ်ခွင့်ရအောင်ပင် မနည်းကြိုးစားရလေ့ရှိသည်။ အောက်ဖက်တွင်ရှိနေသော ကစားသမားအဖို့ အထက်စီးအနေအထားမှ ပြန် လည်ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးစားခြင်းသော်လည်း အောင်မြင်ရန်ရာနှုန်းက အနည်းငယ်လောက်သာရှိသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်က ရန်ကုန်တွင်ကျင်းပပြုလုပ်သော ONE: REIGN OF VALOR ပြိုင်ပွဲ၌ မလေးရှားအားကစားသမား Boniface နှင့်ယှဉ်ပြိုင်ရာတွင် အန်တိုနီယာသည် ပြိုင်ဘက်က အပေါ်စီးမှခွကာ တိုက်ခိုက်မှုကို ၃ ကြိမ်ခန့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် လည်း ၎င်းသည် ခံနိုင်ရည်ရှိသူပီပီ အပေါ်စီးအနေအထားမှ ပြန်လည်ထိုးသတ်ခွင့်ရအောင် ၃ ကြိမ်စလုံး ကြိုးစားနိုင်ခဲ့သည်။ အဆိုပါ အားသာချက်က အန်တိုနီယာ၏ အကောင်းဆုံးတိုက်ကွက်ဟုဆိုလျှင် မည်သူမှ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပါ။

၄။ အရှောင်အတိမ်းကောင်းမွန်မှုနှင့် မထင်မှတ်သော ခြေကန်ချက်များ

အန်တိုနီယာယှဉ်ပြိုင်ထားသော တွဲဆိုင်းများအား အကြမ်းဖျင်းသုံးသပ်လျှင် လက်သီးထိုးချက်များက ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး မြေပြင် ချုပ်ကွက်က ဒုတိယ၊ ခြေကန်ချက်များက တတိယနေရာတွင်သာရှိသည်။ လက်ဝှေ့ကစားသမားဟောင်းပီပီ လက်သီးကို အဓိကအားပြု ခြင်းအတွက် စောဒကတက်စရာမရှိသော်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားတစ်ယောက် ဖြစ်လာချိန်တွင်မူ ထိုးလုံးသတ် ကွက်စုံလင်ရေးက မဖြစ်မနေဖြည့်ကျင့်ထားရမည့် ပညာရပ်များဖြစ်သည်။ အန်တိုနီယာမှာ လက်သီးအားကိုးသည့် ကစားသမားဖြစ် သော်လည်း မထင်မှတ်ဘဲ ကန်လိုက်သော ခြေကန်ချက်များက လှပသေသပ်သည်။
Bi Nguyen နှင့်ယှဉ်ပြိုင်ခဲ့ရာတွင် ဗီယက်နမ်အားကစားသမား၏ မျက်နှာကို အမြင့်ကန်ချက်များဖြင့် ၃ ကြိမ်ထက်မနည်း ထိရှစေခဲ့ပြီး အောက်ခြေပိုင်းကန်ချက်များကလည်း ပြင်းထန်အားပါလွန်းသည်။ အန်တိုနီယာ၏ နောက်ထပ်အားသာချက်တစ်ခုက အရှောင်အတိမ်း လှပကောင်းမွန်ခြင်းဖြစ်သည်။ Bi Nguyen နှင့်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ၏ လက်သီးချက်များက မျက်နှာကို ထိရှမှုဖြစ်စေခဲ့သော်လည်း အ ရှောင်အတိမ်းသာ မကောင်းခဲ့ပါက အန်တိုနီယာအတွက် ရှုံးသွားနိုင်သည့် အနေအထားဖြစ်သည်။ ပြိုင်ဘက်၏ အနီးကပ်လက်သီးထိုး ချက်များကို ခေါင်းငုံ့ရှောင်၍တစ်မျိုး၊ ခေါင်းကို ဘယ်ညာယမ်း၍တစ်ဖုံ မထိမိအောင် ရှောင်ရှားနိုင်သောကြောင့်သာ နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ONE: Dawn of Valor ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ONE ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် အန်တိုနီယာသည်လည်း အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top